ရှေ့နေ ၃,၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

ဟောင်ကောင်မှာ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုမှာ ရှေ့နေများကလည်း ဒုတိယအကြိမ်အဖြစ် ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။ ဟောင်ကောင်ရှေ့နေတွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ထောက်ခံမှုပြီး တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုအဖြစ် သြဂုတ် ၇ ရက်နေ့မှာ တိတ်ဆိတ်စွာဖြင့် စုရုံးချီတက်ခဲ့ကြပါတယ်။

(သြဂုတ် ၇ ရက်နေ့က ရှေ့နေများ စုရုံးချီတက် ဆန္ဒပြမှု) (Photo: AFP)

စုရုံးချီတက် ဆန္ဒပြခဲ့ကြတဲ့ ရှေ့နေတွေက ဟောင်ကောင်ရဲ့ တရားစီရင်ရေးဌာန လွတ်လပ်မှုကို အကာအကွယ်ပေးရန် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ယမန်နေ့ ဆန္ဒပြမှုမှာ ရှေ့နေ ၃,၀၀၀ ကျော်က အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားပြီး တရားရုံးချုပ်မှ တရားရေးဝန်ကြီးရုံးသို့ တိတ်ဆိတ်စွာ ချီတက်ခဲ့ကြကြောင်း Straits Times သတင်းမှာ ဖော်ပြပါတယ်။



ဟောင်ကောင်မှာ အစိုးရက တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းနိုင်တဲ့ ဥပဒေမူကြမ်းကို စီစဉ်လာခဲ့ရာမှ ဆန္ဒပြမှုတွေ ဆက်တိုက်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိမှာ ထိုဥပဒေမူကြမ်းကို ဆိုင်းငံ့ထားပါတယ်။ ပုံမှန်အားဖြင့် ဟောင်ကောင် ဥပဒေရေးရာ ပညာရှင်တွေဟာ ဆန္ဒပြမှုတွေမှာ ပါဝင်လေ့မရှိပေမဲ့ ယခု ဥပဒေမူကြမ်းကိစ္စကိုတော့ ဇွန်လအစောပိုင်းမှ ယမန်နေ့အထိ နှစ်ကြိမ်တိုင် ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

(သြဂုတ် ၇ ရက်နေ့က ရှေ့နေများ စုရုံးချီတက် ဆန္ဒပြမှု) (Photo: AP)

ဟောင်ကောင်ရှေ့နေတွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ထောက်ခံခဲ့ကြပြီး ဥပဒေစိုးမိုးရေး ရဲအရာရှိတွေက ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့နည်းဗျူဟာအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ထို့အတူ ဟောင်ကောင် တရားရေးဌာနက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ဆန္ဒပြမှုအဖြစ် စုရုံးချီတက်ခြင်းကြောင်း ရှေ့နေတွေက ဆိုပါတယ်။

"ဒီအစိုးရက ပြည်သူလူထုကြား အထိတ်တလန့်ဖြစ်အောင် သတင်းဖြန့်မှုနဲ့ သဘောထားကွဲမှုဖြစ်စေတဲ့ နည်းဗျူဟာတွေ သုံးနေတာကို ကျွန်မ တစ်ကယ်ကို မကြိုက်ပါဘူး" လို့ တရားရုံးချုပ်ရှေ့နေ Anita Yip က AFP သတင်းဌာနကို ပြောပါတယ်။

(သြဂုတ် ၇ ရက်နေ့က ရှေ့နေများ စုရုံးချီတက် ဆန္ဒပြမှု) (Photo: AP)

လက်ရှိအချိန်အထိ ဟောင်ကောင်အစိုးရက ဆန္ဒပြသူ ၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းပြီး ၅၀ နီးပါးကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ဆူပူအုံကြွမှုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။ သို့သော် ပြီးခဲ့တဲ့လအတွင်း ဒီမိုကရေစီအရေး ဆန္ဒပြသူတွေ တိုက်ခိုက်ခံရပြီး ၄၅ ဦးကို ဆေးရုံတင်ခဲ့ရတဲ့ ဖြစ်ရပ်မှာတော့ မျိုးသား ၁၉ ဦးကိုသာ အစိုးရက ဖမ်းဆီးခဲ့ပြီး ပြစ်ဒဏ် မပြင်းထန်နိုင်တဲ့ တရားမဝင် လူစုဝေးမှုဖြင့်သာ စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ဆန္ဒပြသူတွေကို သတိပေးခြိမ်းခြောက်မှုတွေလည်း ရှိနေခဲ့ပြီး သြဂုတ် ၆ ရက်မှာတော့ အပြင်းထန်ဆုံး စကားလုံးများသုံးနှုန်းပြီး သတိပေးလာခဲ့ပါတယ်။

(သြဂုတ် ၇ ရက်နေ့က ရှေ့နေများ စုရုံးချီတက် ဆန္ဒပြမှု) (Photo: Reuters)

"အလွန်သေးငယ်တဲ့ မသမာသူအုပ်စုနဲ့ အကြမ်းဖက်ပြစ်မှုကျူးလွန်သူတွေနဲ့ ၎င်းတို့နောက်ကွယ်မှ အကောက်ကြံနေတဲ့ အင်အားစုတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်၊ မီးနဲ့ကစားသူတွေဟာ မီးလောင်ခံရလိမ့်မယ်ဆိုတာပါပဲ" လို့ တရုတ်အစိုးရက ကြီးကြပ်ကွပ်ကဲတဲ့ ဟောင်ကောင်နဲ့မကာအို ဆက်ဆံရေးရုံး (Hong Kong and Macau Affairs Office - HKMAO) မှ ပြောခွင့်ရပုဂ္ဂိုလ် Yang Guang က သြဂုတ် ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(သြဂုတ် ၅ ရက် ဟောင်ကောင်ဆန္ဒပြမှုများ) (Infographic: CNA)

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဇူလိုင် ၂၇ နဲ့ ၂၈ ရက် နှစ်ရက်ဆက်တိုက်မှာလည်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်နေခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က