နောက်ဆုံးမှာ ၎င်းတို့ အပြစ်ပေးခံရလိမ့်မယ်လို့ တရုတ်အစိုးရက သတိပေးခဲ့ပါတယ်။

တရုတ်ဗဟိုအစိုးရက ဟောင်ကောင်ဆန္ဒပြသူတွေကို မီးနဲ့မကစားကြရန်နဲ့ ဗဟိုအစိုးရရဲ့ အလွန်ကြီးမားတဲ့ အင်အားကို လျှော့မတွက်သင့်ကြောင်း ယနေ့ (သြဂုတ် ၆ ရက်) သတိပေး ပြောကြားလိုက်ပါတယ်။

(HKMAO ပြောခွင့်ရပုဂ္ဂိုလ် Yang Guang) (Photo: AFP)

"အလွန်သေးငယ်တဲ့ မသမာသူအုပ်စုနဲ့ အကြမ်းဖက်ပြစ်မှုကျူးလွန်သူတွေနဲ့ ၎င်းတို့နောက်ကွယ်မှ အကောက်ကြံနေတဲ့ အင်အားစုတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်၊ မီးနဲ့ကစားသူတွေဟာ မီးလောင်ခံရလိမ့်မယ်ဆိုတာပါပဲ" လို့ တရုတ်အစိုးရက ကြီးကြပ်ကွပ်ကဲတဲ့ ဟောင်ကောင်နဲ့မကာအို ဆက်ဆံရေးရုံး (Hong Kong and Macau Affairs Office - HKMAO) မှ ပြောခွင့်ရပုဂ္ဂိုလ် Yang Guang က ယနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



နောက်ဆုံးမှာ ၎င်းတို့ဟာ အပြစ်ပေးခံရလိမ့်မယ်လို့လည်း တရုတ်အစိုးရက သတိပေးခဲ့ပါတယ်။ တရုတ်အစိုးရက ဟောင်ကောင်မှာ ရက်သတ္တပတ်များကြာ ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး သတိပေးရာမှာ အပြင်းထန်ဆုံး စကားလုံးအချို့ စတင်သုံးစွဲလာခဲ့တာလည်း ဖြစ်ပါတယ်။ ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုယ်စား မျက်နှာဖုံးတပ်ထားတဲ့ ဆန္ဒပြသူသုံးဦးကလည်း ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

(ဟောင်ကောင်ဆန္ဒပြသူများ သတင်းစာရှင်းလင်းပွဲ) (Photo: AFP)

၎င်းတို့က ဒီမိုကရေစီ၊ လွတ်လပ်မှု၊ သာတူညီမျှရှိမှုတို့ကို တောင်းဆိုခဲ့ကြပြီး တရုတ်အစိုးရကို လိုလားတဲ့ ဟောင်ကောင်အာဏာပိုင်တွေကို ရှုတ်ချခဲ့ကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ဟောင်ကောင်အစိုးရက တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းနိုင်တဲ့ ဥပဒေမူကြမ်းကို စီစဉ်ခဲ့ရာမှ ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ (သြဂုတ် ၅ ရက်) ကလည်း ဟောင်ကောင်ဆန္ဒပြသူတွေက အထွေထွေသပိတ်ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး လေကြောင်းခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး MRT ရထားဝန်ဆောင်မှုတွေလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ ယမန်နေ့ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

(ဟောင်ကောင်ရဲတပ်ဖွဲ့ ဆန္ဒပြမှုကို ဖြိုခွင်းစဉ်) (Photo: AFP)

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး ၈၀၀ အသုံးပြုပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူ ၁၄၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အစောပိုင်း ဆန္ဒပြမှုများမှာလည်း လူ ၅၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး ၄၄ ဦးကို ဆူပူအုံကြွမှုဖြင့် စွဲချက်တင်ထားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၅၆၈ ဦးကို ဖမ်းဆီးခဲ့ပြီး မျက်ရည်ယိုဗုံး ၁,၈၀၀ နဲ့ ရာဘာကျည်ဆန် ၃၀၀ အသုံးပြုပြီး ဆန္ဒပြမှုတွေကို ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

(ဒဏ်ရာရခဲ့သည့် ဆန္ဒပြသူတစ်ဦး) (Photo: AFP)

ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က ရက်စက်ကြမ်းတမ်းစွာ ဖြိုခွင်းမှုတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်နဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ် ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဟောင်ကောင်မှာ လက်တလော အခြေအနေတွေအရ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စိုးရိမ်ပူပန်မှုတွေ ြ့မင့်တက်နေပါတယ်။

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဇူလိုင် ၂၇ နဲ့ ၂၈ ရက် နှစ်ရက်ဆက်တိုက်မှာလည်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်နေခဲ့ပါတယ်။

(ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးခဲ့စဉ်) (Photo: AFP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က