တရားခံလွှဲပြောင်းပေးနိုင်တဲ့ ဥပဒေမူကြမ်းကို ဆန္ဒပြမှုများ သီတင်းပတ်ကုန်ရက်တွေမှာ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုတွေ ရက်သတ္တပတ်ကြာအောင် ပေါ်ပေါက်နေခဲ့တဲ့ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေ နှစ်ရက်ဆက်တိုက်မှာလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

(Photo: Reuters)

ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက် နှစ်ရက်ဆက်တိုက် ဆန္ဒပြပွဲ အဓိကရုဏ်းတွေ ဟောင်ကောင်မှာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့က ဟောင်ကောင်ရှိ တရုတ်အစိုးရ ဆက်ဆံရေးရုံးအနီး ရောက်ရှိလာခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များသုံးပြီး ပစ်ခတ်လူစုခွဲရန် ကြိုးပမ်းခဲ့ပါတယ်။



ဇူလိုင် ၂၇ ရက်နေ့ကလည်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား မျက်ရည်ယိုဗုံးနဲ့ အုတ်ခဲများဖြင့် အပြန်အလှန်ပစ်ကာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ဟောင်ကောင်မှာ အစိုးရက တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးနိုင်တဲ့ ဥပဒေမူကြမ်းကို စီစဉ်လာခဲ့ပြီးနောက် လူဦးရေ သမိုင်းဝင်အရေအတွက် ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ အပါအဝင် ကန့်ကွက်ဆန္ဒပြပွဲတွေကို သီတင်းပတ်ကုန်ရက်တွေမှာ အဓိက ပြုလုပ်လာခဲ့ကြပါတယ်။

(Photo: AFP)

ယမန်နေ့ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူ ၂၀၀ ဝန်းကျင်က Sheung Wan အရပ်ရှိ တရုတ်အစိုးရ ဆက်ဆံရေးရုံးကို ဦးတည်ချီတက်လာခဲ့ကြရာ အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆန္ဒပြ အဓိကရုဏ်းများအတွင်း သတင်းထောက်နှစ်ဦး ဒဏ်ရာရခဲ့မှုကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ဆန္ဒပြသူတစ်ဦးရဲ့ မျက်နှာမှာလည်း သွေးများပေကျံနေတာ တွေ့ရတယ်လို့ CNA သတင်းက ပြောပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုတွေ ယမန်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီခွဲဝန်းကျင်အထိ ဖြစ်ပွားနေခဲ့ကြောင်းလည်း သိရပါတယ်။ ဟောင်ကောင်အစိုးရ ဆန္ဒပြသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကုန် တနင်္ဂနွေနေ့ (ဇူလိုင် ၂၁ ရက်) မှာလည်း တရုတ်အစိုးရ ဆက်ဆံရေးရုံးကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

(Photo: AFP)

ထိုနေ့ညပိုင်းမှာတော့ ဟောင်ကောင်မြို့စွန် Yuen Long ဒေသရှိ MRT (Mass Transit Railway) ရထားဘူတာရုံထဲသို့ အဖြူရောင်တီရှပ် ဝတ်ဆင်ထားပြီး တုတ်များကိုင်ဆောင်ထားသူအုပ်စုက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လိုက်လံရိုက်နှက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်မှာတော့ တရုတ်တပ်ဖွဲ့တွေအနေနဲ့ လိုအပ်လာပါက ဟောင်ကောင်မှာ ငြိမ်ဝပ်ပိပြားမှုထိန်းသိမ်းရေး ကြားဝင်ကူညီဆောင်ရွက်နိုင်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wu Qian က ပြောခဲ့ပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ လက်ရှိဖြစ်ပေါ်နေမှုတွေကို တရုတ်အစိုးရက မည်သို့ တုံ့ပြန်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သတင်းထောက်တစ်ဦးက Wu Qian ကို မေးမြန်းခဲ့ရာမှာတော့ ၎င်းက တရုတ်နိုင်ငံရဲ့ ဟောင်ကောင်မြို့စောင့်တပ်ဥပဒေ (Hong Kong Garrison Law) အခန်း ၃၊ အပိုဒ်ခွဲ ၁၄ မှာ လုပ်ဆောင်နိုင်တဲ့ပမာဏတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

အဆိုပါ ဥပဒေမှာ ဖော်ပြထားမှုအရ ဟောင်ကောင်အနေနဲ့ ငြိမ်ဝပ်ပိပြားရေးနဲ့ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးမှာ လိုအပ်လာပါက တရုတ်အစိုးရထံမှ အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။ ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ နိုင်ငံရေးတည်ငြိမ်မှု လတ်တလော ပြန်ရလာနိုင်ဖွယ်မရှိသေးကြောင်း သတင်းတွေက သုံးသပ်ထားကြပါတယ်။

(Photo: Reuters)

ထပ်မံသိရတဲ့ သတင်းတွေအရ ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတွေက ဟောင်ကောင်ရဲ့ နိုင်ငံတကာပုံရိပ်၊ တရားဥပဒေစိုးမိုးမှု၊ ငြိမ်ဝပ်ပိပြားမှု၊ စီးပွားရေးနဲ့ မြို့ခံတွေရဲ့ လူမှုဘဝတွေကို ထိခိုက်ပျက်စီးစေကြောင်းဖြင့် တရုတ်ဗဟိုအစိုးရက ရှုတ်ချလိုက်ကြောင်း သိရပါတယ်။

တရုတ်အစိုးရက ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်နဲ့ ရဲတပ်ဖွဲ့ကို ထောက်ခံကြောင်း ထပ်မံပြောကြားခဲ့ပြီး ဟောင်ကောင်ပြည်သူတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။ ဟောင်ကောင်မှာ ယမန်နေ့က ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက် လူ ၅၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှစပြီး ပေါ်ပေါက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေမှာ လူဦးရေသန်းနဲ့ချီ ပါဝင်ခဲ့ကြပြီး သမိုင်းဝင် ဆန္ဒပြမှုလည်းဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော်အတွင်း စီးနင်းဝင်ရောက်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီးနောက် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းဟာ အသက်မဝင်တော့ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သို့သော် ဆန္ဒပြသူတွေကတော့ ထိုဥပဒေမူကြမ်းကို လုံးဝဖျက်သိမ်းပစ်ရန် တောင်းဆိုထားခဲ့ကြပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က