သီတင်းနှစ်ပတ်မပြည့်မီ စုစုပေါင်း ဒုံးကျည်ရှစ်စင်း ပစ်လွှတ်ခဲ့ပြီးဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အမျိုးအစား အတိအကျ မသိရသေးတဲ့ ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ကမ်းရိုးတန်းမှ ပင်လယ်ပြင်အတွင်းသို့ ယနေ့ (သြဂုတ် ၆ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။

(ဇူလိုင် ၃၁ ရက်နေ့က ဒုံးကျည်ပစ်လွှတ်မှု) (Photo: Reuters)

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ သံတမန်ရေး သဘောတူညီမှုတွေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောဆိုထားပြီး ကန့်ကွက်တဲ့အနေနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။ South Hwanghae ပြည်နယ်ကနေ ယနေ့ ဒုံးကျည်ပစ်လွှတ်မှုဟာ သီတင်းနှစ်ပတ်မပြည့်မီ စတုတ္တအကြိမ်မြောက်လည်း ဖြစ်လာပြီး စုစုပေါင်း ဒုံးကျည်ရှစ်စင်း ပစ်လွှတ်ခဲ့ပြီးဖြစ်ပါတယ်။



မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး အခြေအနေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး မိမိတို့ရဲ့ တောင်ကိုရီးယားနဲ့ဂျပန် မဟာမိတ်တို့ကို အနီးကပ် အကြံပြုမှုတွေ လုပ်ဆောင်နေကြောင်း အမေရိကန်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

(ဇူလိုင် ၃၁ ရက် ဒုံးကျည်ပစ်လွှတ်မှုကို ကင်မ်ဂျုံအန် ကြည့်ရှုခဲ့စဉ်) (Photo: KCNA)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအားထုတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ချိုးဖောက်မှုဖြစ်ပြီး ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် နိုင်ငံရေးအရ ဆန္ဒမရှိကြောင်းကို ထင်ဟပ်စေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်သူ ပြောခွင့်ရအမျိုးသားက မှတ်ချက်ပြုခဲ့တယ်လို့ အစိုးရသတင်းဌာန KCNA က ဖော်ပြပါတယ်။

"ကျွန်တော်တို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ အမေိကန်နဲ့တောင်ကိုရီးယားက မြောက်ကိုရီးယားကို ပစ်မှတ်ထားပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့ကြပါတယ်" လို့ အဆိုပါ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။

(ပူးပေါင်းစစ်ရေးလေ့ကျင့်မှု့ဆိုးလ်မြို့မှာ ကန့်ကွက်ဆန္ဒပြစဉ်) (Photo: AFP/Getty Images)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ယမန်နေ့ (သြဂုတ် ၅ ရက်) က စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ရဲ့ ရရှိထားခဲ့တဲ့ သဘောတူညီမှုတွေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားက ယနေ့ ဒုံးကျည်ပစ်လွှတ်မှု မတိုင်မီ သြဂုတ် ၂ ရက်နေ့ကလည်း တာတိုပစ် ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။ အဆိုပါ ဒုံးကျည်နှစ်စင်းဟာ အရှေ့ပင်လယ်ပြင် (East Sea) လို့လည်း ခေါ်ဝေါ်ကြတဲ့ ဂျပန်ပင်လယ်ပြင် (Sea of Japan) အတွင်း ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယား Joint Chiefs of Staff (JCS) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

(ထရန့်နဲ့ကင်မ်ဂျုံအန် စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့စဉ်) (Photo: AP)

JCS ရဲ့ ထုတ်ပြန်မှုအရ သြဂုတ် ၂ ရက်နေ့မှာ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အကွာအဝေး မိုင် ၁၄၀ ခန့်ကို ရောက်ရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဒ့ါအပြင် မြောက်ကိုရီးယားက ဇူလိုင် ၂၅ ရက်နဲ့ ၃၁ ရက်တို့မှာလည်း ဒုံးကျည်နှစ်စင်းစီ ပစ်လွှတ်စမ်းသပ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဇူလိုင် ၃၁ ရက်မှာ မေးမြန်းခဲ့ရာ ၎င်းတို့ဟာ တာတိုပစ်တွေဖြစ်ပြီး သာမန်မျှအဆင့်ဖြစ်တာကြောင့် စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ဖြေကြားခဲ့ပါတယ်။

(အမေရိကန်နဲ့တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု) (Photo: AFP)

အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတစ်ဦးကလည်း မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုဟာ ကင်မ်ဂျုံအန်က သမ္မတထရန့်နဲ့ တွေ့ဆုံစဉ် ကတိပေးထားမှုကို ဖောက်ဖျက်ခဲ့ခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြစဉ် ကင်မ်ဂျုံအန်က တာဝေးပစ်ဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်မှာမဟုတ်ကြောင်း ကတိပေးထားခဲ့တယ်လို့ သိရပါတယ်။

ထရန့်နဲ့ကင်မ်ဂျုံအန်တို့ဟာ ဇွန်လ ၃၀ ရက်မှာ ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့ကြပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြပါတယ်။ သို့သော် ထိုနောက်ပိုင်းမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သွားမယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့ပါတယ်။

(ကိုရီးယားခေါင်းဆောင်နှစ်ဦး ၂၀၁၈ ခုနှစ်အတွင်း တွေ့ဆုံခဲ့စဉ်) (Photo: Bloomberg)

ဒုံးကျည်ပစ်လွှတ်မှုတွေဟာလည်း တောင်ကိုရီးယားကို လက်နက်များတင်သွင်းနေမှုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့ ရပ်ဆိုင်းရန် အလေးအနက် သတိပေးခြင်းဖြစ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောထားပါတယ်။

ကိုရီယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေဟာ ဗီယက်နမ်နိုင်ငံမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထရန့်နဲ့ကင်မ်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က