ဆန္ဒပြသူ ၇,၀၀၀ ခန့်က ဘေရွတ်မြို့လယ်ရှိ အာဇာနည်ရင်ပြင်မှာ စုရုံးခဲ့ပြီးနောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် လူဦးရေ ထောင်နဲ့ချီ စုရုံးဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

(Photo: AFP)

ဆန္ဒပြသူ ၇,၀၀၀ ခန့်က ဘေရွတ်မြို့လယ်ရှိ အာဇာနည်ရင်ပြင် (Martyrs' Square) မှာ ယမန်နေ့ (ဩဂုတ် ၈ ရက်) က စုရုံးခဲ့ပြီးနောက် လွှတ်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းသို့ ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲရန် လုပ်ဆောင်ခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။ ဆန္ဒပြသူတွေကလည်း ရဲတပ်ဖွဲ့ကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘေရွတ်မြို့ ဆိပ်ကမ်းဧရိယာမှာ အင်္ဂါနေ့ (ဩဂုတ် ၄ ရက်) ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်က အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး လူ ၁၅၈ ဦ သေဆုံးကာ လူ ၆,၀၀၀ ဒဏ်ရာရခဲ့ပါတယ်။

(Photo: Reuters)

အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်တစ်မြို့လုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ပြီး ဆိပ်ကမ်းဧရိယာပေါ်မှာ မှိုပွင့်ပုံစံ မီးခိုးလုံးကြီးကို တွေ့မြင်ခဲ့ရပါတယ်။ ထိုပေါက်ကွဲမှုကြီးဟာ ဆိပ်ကမ်းကုန်လှောင်ရုံအတွင်း ဘေးကင်းလုံခြုံစွာ သိုလှောင်ထားခြင်းမရှိတဲ့ အမိုနီယံနိုက်ထရိတ် (ammonium nitrate) တန်ချိန် ၂,၇၅၀ ကြောင့် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အမိုနီယံနိုက်ထရိတ်တွေကြောင့် အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခြင်းကို ကာကွယ်တားဆီးရန် ပျက်ကွက်မှုအပေါ် လက်ဘနွန်ပြည်သူ အများအပြားက ဒေါသထွက်နေကြပါတယ်။ ဆိပ်ကမ်းဧရိယာ ပေါက်ကွဲမှုကြီးဖြစ်ပွားစေခဲ့တဲ့ ဓာတုပစ္စည်းတွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က သင်္ဘောတစ်စီးမှ သိမ်းဆည်းရမိခဲ့ပြီး ကုန်လှောင်ရုံထဲမှာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက ရွှေ့ပြောင်းခြင်းမပြုကြောင်း သိရပါတယ်။

(Photo: AFP)

လက်ဘနွန်အစိုးရက ထိုကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ကတိပြုထားပါတယ်။ ဆိပ်ကမ်းမှာ ပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် သီတင်းနှစ်ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ဘေရွတ်ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ ပြင်းထန်လွန်းတာကြောင့် မိုင် ၁၅၀ အကွာရှိ ဆိုက်ပရပ်စ်ကျွန်းနိုင်ငံမှာပင် ခံစားသိရှိခဲ့ရပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် Hassan Diab ကတော့ ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် ရွေးကောက်ပွဲစောပြီးကျင်းပရန် တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ "လွှတ်တော်ရွေးကောက်ပွဲတွေ စောပြီး မကျင်းပဘဲနဲ့ နိုင်ငံရဲ့ တည်ဆောက်မှုဆိုင်ရာ အကျပ်အတည်းကနေ ထွက်နိုင်မှာမဟုတ်ဘူး" လို့ ၎င်းကဆိုပါတယ်။

(Photo: AFP)

လာမယ့် တနင်္လာနေ့ (ဩဂုတ် ၁၀ ရက်) နေ့မှာ ထိုကိစ္စနဲ့ပတ်သက်ပြီး လက်ဘနွန်လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ပေါက်ကွဲကြီးဖြစ်ပွားခဲတဲ့ ဘေရွတ်ဆိပ်ကမ်းမှ တာဝန်ရှိသူတွေကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း လက်ဘနွန်အစိုးရက ပြောထားပါတယ်။

.

Share

Loading Next Article...
က္က