မျှော်မှန်းထားတာထက်စောပြီး မကြာမီမှာ ကာကွယ်ဆေးစမ်းသပ်မှု စတင်လိမ့်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဂျာမနီနိုင်ငံမှာ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးကို လူတွေမှာ ထိုးနှံစမ်းသပ်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

(Photo: Reuters)

ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာ ထိုးနှံစမ်းသပ်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဂျာမနီအစိုးရရဲ့ ကာကွယ်ဆေးဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှု အဖွဲ့အစည်းက ယမန်နေ့ (ဧပြီ ၂၂ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။



ဂျာမနီမှာ လူတွေကို COVID-19 ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှုဟာ ကမ္ဘာတစ်ဝှမ်း စတုတ္တမြောက် ထိုသို့ စမ်းသပ်မှုလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်နဲ့ ၅၅ နှစ်ကြားအရွယ်ရှိတဲ့ ကျန်းမာရေးကောင်းမွန်သူ ၂၀၀ ကို ကာကွယ်‌ဆေး ထိုးနှံစမ်းသပ်သွားမှာဖြစ်ကြောင်း ဂျာမနီ ကာကွယ်ဆေးဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုအဖွဲ့အစည်း Paul-Ehrlich-Institut (PEI) က ပြောပါတယ်။

(Photo: Reuters)

ဒုတိယအဆင့်အနေနဲ့ COVID-19 ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ပိုရှိသူတွေမှာ ယခု ကာကွယ်ဆေးကု စမ်းသပ်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။ BioNTech က ၎င်းရဲ့မိတ်ဖက် ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့အတူ BNT162 လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

လူတွေမှာစမ်းသပ်မှုက COVID-19 ကာကွယ်ဆေးတစ်ခု တတ်နိုင်သမျှ အမြန်ဆုံးရရှိလာနိုင်ရန် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ PEI က ဆိုပါတယ်။ ဂျာမနီမှာ COVID-19 ကာကွယ်ဆေး လူတွေကို ထိုးနှံစမ်းသပ်မယ့် အချိန်ကာလကိုတော့ PEI နဲ့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

(Photo: Anadolu)

သို့သော် BioNTech ကတော့ ၎င်းတို့ မျှော်မှန်းထားတာထက်စောပြီး မကြာမီမှာ ကာကွယ်ဆေးစမ်းသပ်မှု စတင်လိမ့်မယ်လို့ ပြောပါတယ်။ PEI ရဲ့ အဆိုအရ ဂျာမနီမှာ ထုတ်လုပ်ထားတဲ့ နောက်ထပ် COVID-19 ကာကွယ်ဆေးတွေကိုလည်း လူတွေမှာ စမ်းသပ်မှုများ လာမယ့် လအနည်းငယ်အတွင်း စတင်သွားမယ်လို့ သိရပါတယ်။ COVID-19 ကာကွယ်ဆေးတွေကို ကမ္ဘာတစ်ဝှမ်းမှာ အချိန်လု ထုတ်လုပ်နေကြပြီး လူတွေမှာ စမ်းသပ်မှုအဖြစ် အမေရိကန်၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံတို့မှာ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Source: FT, CNA

Share

Loading Next Article...
က္က