မြေပြိုမှုနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံကို ယမန်နေ့ (သြဂုတ် ၁၅ ရက်) က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်းကြောင့် လေပြင်းများတိုက်ကာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Map: RAMMB/AccuWeather)

မုန်တိုင်းကြောင့် မြေပြိုမှုနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားရပြီး မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံတွေကို ရွှေ့ပြောင်းကြရန် အကြံပြုထားပါတယ်။ ဒါ့အပြင် အားလပ်ရက်များ ဆက်တိုက်ဖြစ်ခဲ့တဲ့ ဂျပန်မှာ သွားလာရေးအခက်အခဲတွေ ကြုံခဲ့ရပါတယ်။



အားကောင်းတဲ့ အပူပိုင်းမုန်တိုင်းခရိုစာ (Tropical Storm Krosa) ဟာ ဟီရိုရှီးမားတောင်ပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် ၇၈ မိုင်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံမှတ်တမ်းတွေအရ ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်ကျွတ်ထွက်လဲပြိုမှု၊ လမ်းမီးတိုင်များလဲကျမှုနဲ့ ချားရဟတ်တစ်ခု လည်ပတ်နေမှုတို့ကို တွေ့ခဲ့ရပါတယ်။

(Photo: Kyodo/Reuters)

ထိုအတောအတွင်း မြင့်မားတဲ့ မုန်တိုင်းဒီရေလှိုင်းများ ရိုက်ခတ်မှုကြောင့် လှိုင်းတားနံရံ ပျက်စီးသွားပြီး အမြင့် ၃၂ ပေရှိ မီးပြတိုက်ကို ရေလှိုင်းများ လွှမ်းမိုးရိုက်ခတ်လာခဲ့ပါတယ်။ မြစ်ရေများလည်း လျှံတက်ခဲ့ပြီး အနီးအနားရှိ လမ်းမများပေါ်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံ ၄၃၀,၀၀၀ ကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက အကြံပြုထားပါတယ်။ သို့သော် အာဏာပိုင်တွေရဲ့ ရွှေ့ပြောင်းရန်အကြံပြုချက်ကို ဒေသခံအနည်းငယ်ကသာ အလေးဂရုပြုကြပုံရကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

မုန်တိုင်းတိုက်ခတ်စဉ် ဟီရိုရှီးမားဒေသမှာ အသက် ၈၂ နှစ်အရွယ် အဘိုးအိုတစ်ဦး ၎င်းရဲ့လှေကို ကြိုးဖြင့်ဆိုင်းပြီး ဆိုက်ကပ်ရန်ကြိုးပမ်းနေစဉ် ပင်လယ်ထဲပြုတ်ကျ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရပြောခွင့်ရအမျိုးသားက ပြောပါတယ်။

ဂျပန်သတင်းဌာန ကျိုဒိုက ဖော်ပြမှုအရ မုန်တိုင်းကြောင့် သြဂုတ် ၁၄ ရက်မှ ၂၅ ရက်အထိ လူ ၄၉ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ အပူပိုင်းမုန်တိုင်းခရိုစာ တိုက်ခတ်မှုကြောင့် ဂျပန်အနောက်ပိုင်းရှိ မြို့ကြီးများမှ လေကြောင်းခရီးစဉ် ၈၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ကျည်ဆန်ရထား ခရီးစဉ်တွေကိုလည်း ဖျက်သိမ်း သို့မဟုတ် သိသာစွာ လျှော့ချပြေးဆွဲခဲ့ပါတယ်။

(Map: AccuWeather)

ထို့အတူ ရှီကိုကူကျွန်းတောင်ပိုင်းနဲ့ ဂျပန်ရဲ့အခြားနေရာဒေသများသို့ ပြေးဆွဲနေတဲ့ ကူးတို့သင်္ဘောခရီးစဉ်တွေကိုလည်း လှိုင်းကြမ်းမှုကြောင့် ဖျက်သိမ်းထားခဲ့ပါတယ်။ ခရိုစာမုန်တိုင်းအရှိန်ကြောင့် ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့မှာလည်း လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က