သီတင်းနှစ်ပတ်ကြာ အရေးပေါ်အခြေအ‌နေ သတ်မှတ်ကြေညာထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်ကြလေ့ရှိတဲ့ ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာလိုက်ပြီး ဒေသခံပြည်သူတွေကို နေအိမ်မှာသာ နေထိုင်ကြရန် အာဏာပိုင်တွေက ပြောကြားထားပါတယ်။

(Photo: Reueters)

ဂျပန်တောင်ပိုင်းကျွန်းစုမှာ နေ့စဥ် ကူးစက်မှုအသစ် စံချိန်တင်မြင့်တက်လာခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူး Denny Tamaki ဒေသခံတွေကို မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်း မပြုကြရန် ဇူလိုင် ၃၁ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အိုကီနာဝါမှ COVID-19 ကူးစက်မှုတွေအနက် အများစုကို ထိုကျွန်းစုပေါ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေမှာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။



"ကူးစက်မှုက တစ်ဟုန်ထိုး တိုးလာနေတာ ကျွန်တော်တို့ တွေ့ရပါတယ်၊ ကျွန်တော်တို့ ဩဂုတ် ၁၅ ရက်နေ့အထိ အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာပါတယ်" လို့ Denny Tamaki က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အိုကီနာဝါ ဆေးရုံတွေမှာ COVID-19 လူနာတွေ ပြည့်နေခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။

ဂျပန်မှာ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေဟာ ဥရောပမှာကဲ့သို့ စည်းမျဥ်းစည်းကမ်းအရ မလုပ်မနေရ မဟုတ်သလို အပြင်းအထန် လိုက်နာစေရန် အရေးယူဆောင်ရွက်ခြင်း မရှိပေမဲ့လည်း အာဏာပိုင်တွေထံမှ အလားတူ မေတ္တာရပ်ခံချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေးစားလိုက်နာကြကြောင်း သိရပါတယ်။

သောကြာနေ့ (ဇူလိုင် ၃၁ ရက်) ထုတ်ပြန်မှုအရ အိုကီနာဝါမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၇၁ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၃၉၅ ဦးရှိလာခဲ့ပါတယ်။ ထိုကူးစက်မှုများအနက်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၄၈ ဦးအထိ ပါဝင်နေကြောင်း ဒေသဆိုင်ရာ အစိုးရက ပြောပါတယ်။

အိုကီနာဝါမှာ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၂၀,၀၀၀ နဲ့အတူ အခြား အမေရိကန်စစ်တပ်မှ တပ်ဖွဲ့ဝင်‌ ထောင်နဲ့ချီ တပ်စွဲထားပါတယ်။ ဇူလိုင်လ ဒုတိယပတ်အတွင်းမှစပြီး အမေရိကန်စစ်စခန်းတွေမှာ COVID-19 ကူးစက်မှုများ စစ်ဆေးတွေ့ရှိလာရပါတယ်။ ထို့နောက် ဇူလိုင် ၁၂ ရက်နေ့မှစပြီး စစ်စခန်း သုံးခုထက်မနည်းကို အဝင်အထွက် ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားခဲ့ပါတယ်။

အိုကီနာဝါဒေသခံတွေက အမေရိကန် စစ်တပ်အခြေစိုက်စခန်းနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေကို ဆတ်ဆတ်ထိမခံ တုံ့ပြန်ကြလေ့ရှိပါတယ်။ အမေရိကန်စစ်တပ်အခြေစိုက်စခန်းတွေနဲ့ ဆက်နွယ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဆူညံမှုနဲ့ ရာဇဝတ်မှုများနဲ့ ပတ်သက်ပြီး အိုကီနာဝါ ဒေသခံအများအပြားက ကာလရှည်ကြာ ကန့်ကွက်ပြောဆိုလာခဲ့ကြကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က