လေဖိအားနည်းရပ်ဝန်းက နှစ်ရက်အတွင်း အပူပိုင်မုန်တိုင်းဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
Ko John

ဘဟားမားစ်နိုင်ငံကို ဟာရီကိန်းမုန်တိုင်း ပြင်းအားအဆင့်အမြင့်ဆုံးဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နှစ်ပတ်မျှအကြာမှာ နောက်ထပ် မုန်တိုင်းတစ်ခု ထပ်မံ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(ဟာရီကိန်းဒိုရီယန် တိုက်ခတ်ခဲ့အပြီး အပျက်အစီးများ) (Photo: AFP)

နှစ်ရက်အတွင်း အပူပိုင်မုန်တိုင်း ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အပူပိုင်လေဖိအားနည်းရပ်ဝန်း Nine ရဲ့ အရှိန်ကြောင့် ဘဟားမားစ်မှာ မိုးသည်းထန်မှုနဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဘဟားမားစ်မှာ စက်တင်ဘာ ၁ ရက်နေ့က တစ်နာရီလျှင် ၁၈၅ မိုင်အထိ အားကောင်းပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လက်ရှိအချိန်အထိ လူ ၅၀ ထက်မနည်း သေဆုံးကာ လူဦးရေ ၁,၃၀၀ ခန့် ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

(အပူပိုင်းလေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု) (Map: Weather Underground)

ဟာရီကိန်းမုန်တိုင်းဝင်ပြီးနောက် ဘဟားမားစ်မှာ လူဦးရေ ၁၅,၀၀၀ ထက်မနည်း နေထိုင်စရာ၊ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိနေပါတယ်။ ယခုအခါ နောက်ထပ် ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းကြောင့် ဟာရီကိန်းဒိုရီယန် တိုက်ခတ်အပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေမှုကို အခက်အခဲဖြစ်စေနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဘဟားမားစ်မှာ လာမယ့်ရက်များအတွင်း မိုးရေချိန် လေးလက်မအထိ ရွာသွန်းနိုင်ကြောင်းလည်း ခန့်မှန်းထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(ဟာရီကိန်းဒိုရီယန် တိုက်ခတ်ခဲ့အပြီး အပျက်အစီးများ) (Photo: Dante Carrer/Reuters)

နောက်ထပ် မုန်တိုင်းကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေနေမှု နှောင့်နှေးနိုင်ပြီး ဟာရီကိန်းဒိုရီယန် အပြင်းထန်ဆုံး ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ ဂရင်းဘဟားမားနဲ့ ဂရိတ်အဘာကိုကျွန်းများသို့ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရာမှာလည်း အခက်ကြုံရနိုင်ကြောင်း ဘဟားမားစ် အရေးပေါ်စီမံခန့်ခွဲမှုဌာန (National Emergency Management Agency - NEMA) မှ ကားလ်စမစ်က သတင်းထောက်တွေကို ပြောပါတယ်။ 


က္က