ဟောင်ကောင်မှာ ၎င်းရဲ့ပိုင်ရှင်ဖြစ်သူထံ COVID-19 ရောဂါဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် အိမ်မွေးကြောင်တစ်ကောင်မှာလည်း ထိုဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပါတယ်။
အိမ်မွေးကြောင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းကို ဟောင်ကောင် စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းဌာနက အတည်ပြုခဲ့ပြီး အဆိုပါ တိရိစ္ဆာန်ဟာ ရောဂါလက္ခဏာမပြခဲ့ဘူးလို့ ဆိုပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်အရ လက်ရှိအချိန်အထိ တိရိစ္ဆာန်တွေကနေတစ်ဆင့် COVID-19 ကူးစက်ပျံ့နှံ့နိုင်တဲ့ အထောက်အထားမရှိကြောင်းနဲ့ ပိုင်ရှင်များအနေနဲ့ ၎င်းတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မစွန့်ပစ်ကြရန် ပြောထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း ခွေး၊ ကြောင် သို့မဟုတ် အခြား အိမ်မွေးတိရိစ္ဆာန်တွေဟာ COVID-19 ကူးစက်ပျံ့နှံ့စေနိုင်တဲ့ အထောက်အထားမရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်မှာ ယခု စစ်ဆေးတွေ့ရှိတဲ့ အိမ်မွေးကြောင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တတိယမြောက် အိမ်မွေးတိရိစ္ဆာန်လည်း ဖြစ်လာပါတယ်။
(Photo: SCMP via Facebook)
အစောပိုင်းက ပိုင်ရှင်များထံမှ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ခွေးနှစ်ကောင် စစ်ဆေးတွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကြောင်ကို ဆက်လက် စောင့်ကြည့်ပြီး စစ်ဆေးသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကြောင်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ စအိုလမ်းကြောင်းမှ ဓာတ်ခွဲနမူနာများကို ရယူစစ်ဆေးခဲ့မှုအရ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရပြီးနောက် မတ်လ ၃၀ ရက်နေ့မှာ ၎င်းကို သီးသန့်ခွဲပြီး ရောဂါခြေချုပ်ဖြင့်ထားရှိကြောင်း သိရပါတယ်။
ဟောင်ကောင်မှလွဲပြီး အခြား နေရာမှာ ကြောင်တစ်ကောင် ဗိုင်းရပ်စ်ကူးစက်ခံရမှုကို ဘယ်လ်ဂျီယံနိုင်ငံမှာ တွေ့ရှိခဲ့ကြောင်းနဲ့ ပိုင်ရှင်ထံမှတစ်ဆင့် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဟောင်ကောင် တိရိစ္ဆာန်ဆေးကုဆရာဝန်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိရိစ္ဆာန်ဆေးကုဆရာဝန်အသင်းရဲ့ အဆိုအရ အိမ်မွေးတိရိစ္ဆာန်တွေဟာ ပိုင်ရှင်များထံမှ သို့မဟုတ် အခြား လူများနဲ့ထိတွေ့မှုမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ခံနိုင်ဖွယ်ရှိကြောင်း၊ သို့သော် ထိုသို့ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ စိုးရိမ်ထိတ်လန့်စရာမဟုတ်ကြောင်း သိရပါတယ်။ ဟောင်ကောင်မှာ ယနေ့ (ဧပြီ ၁ ရက်) မွန်းလွဲပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၇၁၅ ဦးရှိပြီး ၄ ဦး သေဆုံးခဲ့ကာ ၁၂၈ ဦး ပြန်လည်သက်သာခဲ့ပါတယ်။