နယ်သာလန်နိုင်ငံမှ သုတေသီတွေက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အံ့အားသင့်ဖွယ်ရာ ဆေးပညာနယ်ပယ် စွမ်းဆောင်နိုင်မှုအဖြစ် ကမ္ဘာ့တတိယမြောက် လူနာကို HIV ပိုး ကင်းစင်အောင် ကုသပေးနိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

(Photo: AFP)

ဗြိတိန်နိုင်ငံမှ လူနာတစ်ဦးဟာ ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှုဖြင့် ကမ္ဘာ့ဒုတိယမြောက် HIV ကင်းစင်သွားသူ ဖြစ်လာခဲ့ကြောင်း ဆရာဝန်တွေက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုအခါ တတိယမြောက် လူနာကိုလည်း HIV ကင်းစင်အောင် ကုသပေးနိုင်ခဲ့တယ်လို့ သုတေသီတွေက ဆိုပါတယ်။


'ဒက်ဆယ်လ်ဒေ့ါဖ်လူနာ' လို့ သတ်မှတ်ထားသူကို HIV ကင်းစင်အောင် ကုသပေးနိုင်ခဲ့ကြောင်းနဲ့ ၎င်းဟာ တတိမြောက် HIV ကင်းစင်သူဖြစ်တယ်လို့ နယ်သာလန်နိုင်ငံမှ သုတေသီတွေက ဆီယက်တဲလ်မှာ ကျင်းပပြုလုပ်တဲ့ Conference on Retroviruses and Opportunistic Infections ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

(Photo: Getty Images)

အဆိုပါ 'ဒက်ဆယ်လ်ဒေ့ါဖ်လူနာ' ဟာလည်း အခြား လူနာနှစ်ဦးကဲ့သို့ပင် ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှုခံယူခဲ့ပြီးနောက် ယခုအခါ ၎င်းရဲ့ခန္ဓာကိုယ်အတွင်း HIV ပိုး ကင်းစင်သွားခဲ့တယ်လို့ သိရပါတယ်။ 

ရိုးတွင်းခြင်ဆီ ပင်မဆဲလ် (Stem Cell) ဖြင့် အစားထိုးကုသမှုဖြင့် HIV ကင်းစင်သွားတဲ့ ဒုတိယမြောက် လူနာကို 'လန်ဒန်လူနာ' လို့ သတ်မှတ်ခေါ်ဝေါ်ကြပြီး ၎င်းကို University College London, Imperial College London, Cambridge University နဲ့ Oxford University တို့မှ သုတေသီတွေ ပါဝင်တဲ့အဖွဲ့က ကုသပေးခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: istock)

'လန်ဒန်လူနာ' ဟာ ပင်မဆဲလ် အစားထိုးကုသမှုခံယူပြီးနောက် ဆေးစစ်ကြည့်ရာမှာ HIV ပိုး မတွေ့ရတော့တာ ၁၈ လကြာပြီလို့လည်း ဆိုပါတယ်။ ထိုသို့ ကုသရာမှာ HIV ပိုးကို ခုခံနိုင်စွမ်းရှိတဲ့ အလှူရှင်ထံမှ ရိုးတွင်းခြင်ဆီ ပင်မဆဲလ်ကိုရယူပြီး အစားထိုးကုသရတာ ဖြစ်ပါတယ်။ HIV ကို ခုခံနိုင်တဲ့ မျိုးဗီဇရှိသူဟာ ရှားပါးတယ်လို့ဆိုပါတယ်။

"လူနာကို လက်တွေ့ကုသခဲ့ပါတယ်၊ ပြီးတော့ HIV လည်း ကင်းစင်သွားခဲ့ပါတယ်၊ ဒါပေမဲ့ သတိပြုရမှာက သူ့ကို HIV ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပြီလို့ ပြောဖို့ကတော့ စောလွန်းနေပါသေးတယ်" လို့ 'လန်ဒန်လူနာ' ကို ကုသရေးအဖွဲ့မှ ဦးဆောင်သူနဲ့ HIV ကျွမ်းကျင်သူ ပါမောက္ခ ရာဗင်ဒရာ ဂူပ်တာက ပြောခဲ့ပါတယ်။

(ကုသမှုခံယူပွီး ကမ်ဘာ့ပထဆုံး HIV ကငျးစငျသူဖွဈခဲ့သည့ျ ဘရောငျး) (Photo: AP)

HIV ဗိုင်းရပ်စ် ကူးစက်ခံရမှုကို ပထမဆုံးအကြိမ် လက်တွေ့ကုသခဲ့မှုကတော့ အမေရိကန်အမျိုးသား တင်မ်မိုသီ ဘရောင်းကို ကုသပေးခဲ့မှုဖြစ်ပါတယ်။ 'ဘာလင်လူနာ' လို့ ခေါ်ဝေါ်ခဲ့ကြတဲ့ တင်မ်မိုသီကို ယခု လန်ဒန်လူနာကုထုံးအတိုင်း ၂၀၀၇ ခုနှစ်က ဂျာမနီမှာ ကုသပေးခဲ့ရာ HIV ဗိုင်းရပ်စ် ကင်းစင်သွားခဲ့ပါတယ်။

ဘာလင်မြို့မှာ နေထိုင်ခဲ့တဲ့ တင်မ်မိုသီဘရောင်းဟာ ကုသမှုခံယူပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး HIV ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ၎င်းထံမှာ လက်ရှိအချိန်အထိ HIV ကင်းစင်နေဆဲ ဖြစ်တယ်လို့လည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၃၇ သန်းဟာ HIV ကူးစက်ခံထားရပါတယ်။ HIV ဗိုင်းရပ်စ်ကြောင့် AIDS ရောဂါဖြစ်ပွားမှုကို ၁၉၈၀ ပြည့်လွန်မှာ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ AIDS ကြောင့် လူဦးရေ ၃၅ သန်းဝန်းကျင် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က