HIV ကုထုံးရှာဖွေရန် အထောက်အကူ ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှ HIV ပိုးကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦးဟာ ပင်မဆဲလ် အစားထိုးကုသမှု ခံယူခဲ့ပြီးနောက် ကမ္ဘာ့ဒုတိယမြောက် HIV ကင်းစင်သွားသူ ဖြစ်လာခဲ့တယ်လို့ ၎င်းရဲ့ ဆရာဝန်တွေက ပြောပါတယ်။

(Photo: AFP)

အဆိုပါ အမျိုးသားဟာ HIV ပိုးကို ခုခံနိုင်စွမ်းရှိတဲ့ အလှူရှင်တစ်ဦးထံမှ ရိုးတွင်းခြင်ဆီ ပင်မဆဲလ် (Stem Cell) ဖြင့် အစားထိုးကုသမှုခံယူခဲ့ပြီးနောက် ဆေးစစ်ကြည့်ရာမှာ HIV ပိုးကို မတွေ့ရတော့တာ ၁၈ လကြာပြီလို့ ဆိုပါတယ်။ ၎င်းဟာ HIV ဆေးတွေလည်း သောက်သုံးခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ HIV ကို ခုခံနိုင်တဲ့ မျိုးဗီဇရှိသူဟာ ရှားပါးတယ်လို့ဆိုပါတယ်။

"သူ့ဆီမှာ ဗိုင်းရပ်စ်မတွေ့ရတော့ဘူး၊ ကျွန်တော်တို့ ဘာမှ မတွေ့ခဲ့ရပါဘူး" လို့ အဆိုပါ အမျိုးသားကို ကုသပေးနေတဲ့ ဆရာဝန်အဖွဲ့ကို ဦးဆောင်တဲ့ HIV ကျွမ်းကျင်သူ ပါမောက္ခ ရာဗင်ဒရာ ဂူပ်တာက ပြောပါတယ်။

(Photo: Getty Images)

ယခု ကုသမှုဟာ HIV ကူးစက်ခံထားရသူ အများစုအတွက် ကုသပေးရန် လက်တွေ့မကျကြောင်း၊ သို့သော် HIV အတွက် ကုထုံးရှာဖွေရန် အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။ HIV လူနာကို ကုသမှုဟာ တစ်နေ့နေ့မှာ AIDS ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်မယ့် အယူအဆအတွက် လက်တွေ့ အထောက်အထားဖြစ်ကြောင်း၊ သို့သော် HIV အတွက် ကုထုံးတစ်ရပ်ကို တွေ့ရှိခဲ့ပြီလို့ မဆိုလိုနိုင်ကြောင်း ပါမောက္ခရာဗင်ဒရာက ပြောခဲ့ပါတယ်။

(Photo: Getty Images)

"လူနာကို လက်တွေ့ကုသခဲ့ပါတယ်၊ ပြီးတော့ HIV လည်း ကင်းစင်သွားခဲ့ပါတယ်၊ ဒါပေမဲ့ သတိပြုရမှာက သူ့ကို HIV ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပြီလို့ ပြောဖို့ကတော့ စောလွန်းနေပါသေးတယ်" လို့လည်း ပါမောက္ခရာဗင်ဒရာက သုံးသပ်ထားပါတယ်။ အမည်ဖော်ပြခြင်းမရှိဘဲ လန်ဒန်လူနာ (London patient) လို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ အဆိုပါ အမျိုးသားထံမှာ HIV ဗိုင်းရပ်စ်ရှိနေကြောင်း ၂၀၀၃ ခုနှစ်မှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် ၂၀၁၂ ခုနှစ်မှာတော့ ၎င်းဟာ ကိုယ်ခံအားစနစ်နဲ့ ဆက်နွယ်နေတဲ့ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားခဲ့ရပါတယ်။ လန်ဒန်လူနာကို ကုသခဲ့ရာမှာ University College London, Imperial College London, Cambridge University နဲ့ Oxford University တို့မှ သုတေသီတွေ ပါဝင်ခဲ့ကြပါတယ်။

(ကုသမှုခံယူပြီး ကမ္ဘာ့ပထဆုံး HIV ကင်းစင်သူဖြစ်ခဲ့သည့် ဘရောင်း) (Photo: AP)

HIV ဗိုင်းရပ်စ် ကူးစက်ခံရမှုကို ပထမဆုံးအကြိမ် လက်တွေ့ကုသခဲ့မှုကတော့ အမေရိကန်အမျိုးသား တင်မ်မိုသီ ဘရောင်းကို ကုသပေးခဲ့မှုဖြစ်ပါတယ်။ တင်မ်မိုသီကို ယခု လန်ဒန်လူနာကုထုံးအတိုင်း ၂၀၀၇ ခုနှစ်က ဂျာမနီမှာ ကုသပေးခဲ့ရာ HIV ဗိုင်းရပ်စ် ကင်းစင်သွားခဲ့ပါတယ်။ ဘာလင်မြို့မှာ နေထိုင်ခဲ့တဲ့ တင်မ်မိုသီဘရောင်းဟာ ကုသမှုခံယူပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး HIV ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ၎င်းထံမှာ လက်ရှိအချိန်အထိ HIV ကင်းစင်နေဆဲ ဖြစ်တယ်လို့လည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၃၇ သန်းဟာ HIV ကူးစက်ခံထားရပါတယ်။ HIV ဗိုင်းရပ်စ်ကြောင့် AIDS ရောဂါဖြစ်ပွားမှုကို ၁၉၈၀ ပြည့်လွန်မှာ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ AIDS ကြောင့် လူဦးရေ ၃၅ သန်းဝန်းကျင် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းဖတ်ရှုရန်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က