အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ သတင်းဌာနက ထုတ်ဖော်ပြောခဲ့ပါတယ်။

သီရိလင်္ကာမှာ လူ ၃၅၉ ဦး သေဆုံးပြီး အခြား လူ ၅၀၀ ခန့် ဒဏ်ရာရခဲ့တဲ့ ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ၎င်းတို့ရဲ့ AMAQ သတင်းဌာနက ဧပြီ ၂၃ ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ခရစ်ယာန်ဘုရားကျောင်း မြင်ကွင်း) (Photo: Reuters)

"ဧပြီ ၂၁ ရက်နေ့က သီရိလင်္ကာရှိ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တွေနဲ့ ခရစ်ယာန်တွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သူတွေဟာ အိုင်အက်စ်အုပ်စု တိုက်ခိုက်ရေးသမားတွေ ဖြစ်ကြတယ်" လို့ အကြမ်းဖက်အုပ်စုက ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်တဲ့ အထောက်အထားကိုတော့ အိုင်အက်စ်အုပ်စုက မဖော်ပြခဲ့ပါဘူး။



အီစတာဆန်းဒေးနေ့ (Easter Sunday) ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့ရှိ ဗလီနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ သိရှိထားရကြောင်း သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး Ruwan Wijewardene က ပြောခဲ့ပါတယ်။

(အသေခံဗုံးခွဲသမားတစ်ဦးကို CCTV မှတ်တမ်းမှာတွေ့ရစဉ်) (Photo: BBC)

သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူတွေအနက် အသေခံဗုံးခွဲသမား ညီအစ်ကိုနှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က အင်္ဂါနေ့ (ဧပြီ ၂၃ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ညီအစ်ကိုနှစ်ဦးဟာ ကိုလံဘိုမြို့မှ ချမ်းသာကြွယ်ဝတဲ့ ဟင်းခတ်အမွေးအကြိုင် ရောင်းဝယ်သူတစ်ဦးရဲ့ သားများဖြစ်ကြပြီး ၎င်းတို့က Shangri-La နဲ့ Cinnamon Grand ဟိုတယ်တွေမှာ မနက်စာဘူဖေးစားရန် တည်းခိုသူတွေနဲ့အတူ တန်းစီစောင့်ဆိုင်းနေစဉ် အသေခံ ဗုံးဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်က AFP ကို ပြောပါတယ်။

(သေဆုံးသူများကို မြှုပ်နှံခဲ့စဉ်) (Photo: WSJ)

သီရိလင်္ကာအစိုးရက အီစတာဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းတဲ့ ပြည်တွင်းအခြေစိုက် အစွန်းရောက် အစ္စလာမ်စ်အုပ်စု National Thowheed Jamath (NTJ) က ပြည်ပ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း ပြောထားခဲ့ပါတယ်။ ဟိုတယ်တွေမှာ အသေခံဗုံးခွဲခဲ့တဲ့ ညီအစ်ကိုနှစ်ဦးဟာလည်း NTJ အုပ်စုရဲ့ အဓိက အဖွဲ့ဝင်တွေဖြစ်ကြောင်း သီရိလင်္ကာ အာဏာပိုင်တွေက ဆိုပါတယ်။

လက်ရှိအချိန် သီရိလင်္ကာရဲတပ်ဖွဲ့က အသေခံဗုံးခွဲသမား ၉ ဦးအနက် ၈ ဦးကို မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီးလို့ ဆိုပါတယ်။ အသေခံဗုံးခွဲသမားတွေအနက် နိုင်ငံခြားသားမပါဝင်ဘဲ အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကေျာပိုအိတ်လွယ်ထားတဲ့ အသေခံဗုံးခွဲသမားတစ်ဦးက ခရစ်ယာန်ဘုရားကျောင်းထဲကို ဝင်ရောက်သွားခဲ့တဲ့ CCTV မှတ်တမ်းတစ်ခုလည်း ထွက်ပေါ်လာခဲ့တာလည်း တွေ့ရပါတယ်။

(ကိုလံဘိုမြို့မှာ လုံခြုံရေးစောင့်ကြပ်နေမှု) (Photo: Reuters)

ထိုအတောအတွင်း အီစတာဆန်းဒေးနေ့ ဗုံးပေါက်ကွဲမှုများ မဖြစ်ပွားမီ ၁၀ ရက်အလိုမှာ အစွန်းရောက် အစ္စလာမ်မစ်အုပ်စုတွေက ထင်ရှားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတိပေးမှုတွေကို သက်ဆိုင်ရာ အစိုးရခေါင်းဆောင်ပိုင်းထံ ပေးပို့ထားခဲ့ကြောင်းလည်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ ထိုသို့ သတိပေးမှုတွေကို မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး စီးနင်းမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကာ သံသယရှိသူ ၆၀ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သီရိလင်္ကာမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က