သေဆုံးသူအရေအတွက်က ၃၂၁ ဦးအထိ မြင့်တက်လာပါတယ်။

သီရိလင်္ကာနိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိုတယ်တွေမှာ အီစတာဆန်းဒေး (Easter Sunday) နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အရေအတွက် ၃၂၁ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရရသူဦးရေဟာလည်း ၅၀၀ ကျော်ရှိတယ်လို့ ယနေ့ (ဧပြီ ၂၂ ရက်) နောက်ဆုံး သတင်းတွေအရ သိရှိရပါတယ်။ သေဆုံးသူတွေအနက် နိုင်ငံခြားသား ၃၅ ဦးထက်မနည်း ပါဝင်ခဲ့ပါတယ်။

(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းမြင်ကွင်း) (Photo: AFP Getty Images)

ဧပြီ ၂၁ ရက်နေ့က သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနဲ့ ဇိမ်ခံဟိုတယ်သုံးလုံး၊ ကိုလံဘိုအပြင်ဘက် Negombo မြို့နဲ့ Batticaloa မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် နာရီပိုင်းအကြာမှာပင် ကိုလံဘိုမြို့မှာ နောက်ထပ် ဗုံးပေါက်ကွဲမှုနှစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ရက်တည်းမှာ ပေါက်ကွဲမှု ၈ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။



ကိုလံဘိုမြို့တော် Kochchikade အရပ်ဒေသရှိ ခရစ်ယာန်ဘုရားကျောင်း၊ ကိုလံဘိုမြို့တော်အပြင်ဘက် Negombo မြို့နဲ့ Batticaloa မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း၊ ကိုလံဘိုမြို့တော်ရှိ Shangri La, Cinnamon Grand နဲ့ Kingsbury ဟိုတယ်တွေမှာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟိုတယ်မြင်ကွင်း) (Photo: AFP/Getty Images)

အီစတာဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းတဲ့ ပြည်တွင်းအခြေစိုက် အစွန်းရောက် အစ္စလာမ်စ်အုပ်စု National Thowheed Jamath က လုပ်ဆောင်ခဲ့တယ်လို့ သိရိလင်္ကာအစိုးရက ပြောထားပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်းလည်း အာဏာပိုင်တွေက သုံးသပ်ခဲ့ပါတယ်။ သို့သော် လက်ရှိအချိန်အထိ မည်သည့် အုပ်စုကမျှ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။

ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး စီးနင်းမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကာ သံသယရှိသူ အမျိုသား ၂၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။ အမေရိကန်အစိုးရကတော့ သီရိလင်္ကာမှာ နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဆောင်ရန် အကြမ်းဖက်အုပ်စုတွေက ဆက်လက် စီစဉ်နေကြောင်း သတိပေးထားပါတယ်။

(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းမြင်ကွင်း) (Photo: AP)

ယမန်နေ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရ ကာဖျူးအမိန့်တစ်ရပ်ကို ထုတ်ပြန်ထားခဲ့ပြီး ယနေ့မှာတော့ သီရိလင်္ကာအာဏာပိုင်တွေက နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားမှုအရ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က မင်္သကာသူတွေကို တရားရုံးခွင့်ပြုမိန့်မပါဘဲ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနိုင်တဲ့ လုပ်ပိုင်ခွင့်ကိုရရှိမှာ ဖြစ်ပါတယ်။ အီစတာဆန်းဒေနေ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ရာမှာ အသေခံ ဗုံးခွဲသမား ၇ ဦးထက်မနည်း ပါဝင်နိုင်ခဲ့ကြောင်းလည်း သုံးသပ်ထားပါတယ်။

ယမန်နေ့ ဗုံးပေါက်ကွဲမှုတွေ မတိုင်မီ ၁၀ ရက်အလိုမှာ သီရိလင်္ကာရဲတပ်ဖွဲ့ အကြီးအကဲက အစွန်းရောက် အစ္စလာမ်မစ်အုပ်စုတွေက ထင်ရှားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတိပေးမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိုသို့ သတိပေးမှုကို နိုင်ငံခေါင်းဆောင်ပိုင်းတွေထံလည်း ပေးပို့ထားခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe နဲ့ အစိုးရအဖွဲ့ကတော့ မသိရှိခဲ့ဘူးလို့ ဝန်ကြီးတွေက ပြောပါတယ်။

(ဗင်ကားထဲမှဗုံးကို စနက်တံဖြုတ်ရှင်းလင်းစဉ် ပေါက်ကွဲခဲ့မှု) (Photo: marlonjoee/Twitter)

ယနေ့မှာလည်း ကိုလံဘိုမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းအနီး ဗင်ကားတစ်စီးအတွင်းမှာ ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့ရပြီး အထူးတပ်ဖွဲ့က စနက်တံဖြုတ် ဖယ်ရှားရှင်းလင်းရန် လုပ်ဆောင်နေစဉ် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို အတိအကျ မသိရသေးပါဘူး။ ကိုလံဘိုမြို့ရှိ အဓိက ဘတ်စ်ကားဂိတ်တစ်ခုမှာလည်း ဗုံးစနက်တံ (bomb detonator) ၈၇ ခုကို သီရိလင်္ကာရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

(ဗုံးပေါက်ကွဲသည့်နေရာမှာ စောင့်ကြပ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ) (Photo: AFP)

ယမန်နေ့ နှောင်းပိုင်းကလည်း ကိုလံဘိုမြို့ရှိ အဓိက လေဆိပ်မှာ အိမ်လုပ် ပိုက်လုံးဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ရပြီး ရှင်းလင်းနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်က AFP သတင်းဌာနကို ပြောပါတယ်။ သီရိလင်္ကာမှာ လူအများအပြား သေဆုံးဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်းရောက်ရှိနေတဲ့ ကမ္ဘာလှည့်ခရီးသည်များစွာက ၎င်းတို့နေရပ်သို့ အလျင်အမြန် ပြန်နိုင်ရန်ကြိုးပမ်းခဲ့ပါတယ်။

ဆက်စပ်သတင်း - သီရိလင်္ကာ ဗုံးပေါက်ကွဲမှုများအတွင်း ဒိန်းမတ် အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ကလေးသုံးဦး သေဆုံး

ဗင်ကားထဲမှဗုံးကို စနက်တံဖြုတ်ရှင်းလင်းရန် လုပ်ဆောင်နေစဉ် ပေါက်ကွဲခဲ့မှု ဗီဒီယို



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က