အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ညလုံးပေါက် ဖြစ်ပွားခဲ့ပါတယ်။

သီရိလင်္ကာ အရှေ့ဘက်ကမ်းရိုးတန်းရှိ နေရာတစ်ခုမှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ညလုံးပေါက် ဖြစ်ပွားခဲ့ပြီးနောက် ကလေးခြောက်ဦ အပါအဝင် အလောင်း ၁၅ လောင်းကို တွေ့ရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရအမျိုးသားက ယနေ့ (ဧပြီ ၂၇ ရက်) ပြောပါတယ်။

(Photo: Thomas Peter/Reuters)

စစ်တပ်နဲ့ အစွန်းရောက် စစ်သွေးကြွအဖြစ် သံသယရှိသူတွေကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ယမန်နေ့ (ဧပြီ ၂၆ ရက်) ညနေပိုင်းမှစပြီး Batticaloa မြို့ရဲ့တောင်ဘက် Sainthamaruthu မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။



Batticaloa မြို့ဟာ အီစတာဆန်းဒေးနေ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာတွေအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသားရဲ့ အဆိုအရ ယခု ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ၁၅ ဦးအနက် အသေခံဗုံးခွဲမယ့်သူတွေအဖြစ် သံသယရှိသူ သုံးဦးလည်းပါဝင်ကြောင်း သိရပါတယ်။

(Photo: AFP)

စစ်သားတွေက အစွန်းရောက် စစ်သွေးကြွတွေ ခိုအောင်းနေတဲ့ နေအိမ်ကို ဦးတည်ချဉ်းကပ်ခဲ့စဉ် ပေါက်ကွဲမှုသုံးခု ဖြစ်ပွားခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် Sumith Atapattu က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

"စစ်သားတွေက ဖောက်ခွဲရေးပစ္စည်း အများအပြား သိုလှောင်ထားတဲ့ နေအိမ်ကို စီးနင်းရှင်းလင်းခဲ့ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါ နေအိမ်မှာ ခိုအောင်းနေတဲ့ စစ်သွေးကြွတွေဟာ National Towheed Jama'at (NTJ) အစွန်းရောက်အုပ်စုရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း Sumith Atapattu က ဆိုပါတယ်။

(အသေခံဗုံးခွဲသမား ၈ ဦးကို ဗီဒီယိုထဲမှာ တွေ့ရစဉ်) (Photo: AFP/Getty Images)

အစောပိုင်းကလည်း လုံခြုံရေးတပ်ဖွဲ့တွေက အိုင်အက်စ်အကြမ်းအုပ်စုခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂ်ဒါဒီကို သစ္စာခံကြောင်း အစွန်းရောက်တွေ ဗီဒီယိုရိုက်ကူးခဲ့တယ်လို့ ယုံကြည်ရတဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ အဆိုပါ ဗီဒီယိုကို အီစတာဆန်းဒေးနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ မလုပ်ဆောင်မီ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါ နေရာကနေ အိုင်အက်စ်အလံတစ်ခုနဲ့ အသေခံဗုံးခွဲသမား ၈ ဦး ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်းနမိုက်ချောင်း ၁၅၀ ဝန်းကျင်နဲ့ ဘောစိအလုံးရေ ၁၀၀,၀၀၀ ခန့်ကိုလည်း အဆိုပါ နေအိမ်မှာ တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Getty Images)

သီရိလင်္ကာမှာ အိုင်အက်စ်နဲ့ဆက်နွယ်သူ ၁၄၀ ရှိပြီး ၎င်းတို့အနက် ၇၀ ဝန်းကျင် လွတ်မြောက်နေဆဲ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ အီစတာဆန်းဒေးနေ့ အသေခံဗုံးခွဲမှုတွေကို NTJ က ပြည်ပ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း သီရိလင်္ကာအစိုးရက ပြောထားပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေကို ပြည်တွင်းမှ ပညာတတ် အသေခံ ဗုံးခွဲသမား ၉ ဦးက လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် ၈ ဦးကို မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အသေခံဗုံးခွဲသမား ၉ ဦးအနက် အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။

(Photo: AFP)

ကိုလံဘိုမြို့တော်နဲ့ ပတ်ဝန်းကျင်ရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဇိမ်ခံဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ခြောက်ရက်အကြာမှာ ယခု ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၁ ရက် အီစတာဆန်းဒေးနေ့က ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲမှုတွေကြောင့် လူ ၂၅၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူဦးရေ ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာလည်း အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် ခြိမ်းခြောက်မှုရှိနေဆဲဖြစ်တာကြောင့် သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲ အစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်း - သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့သူ ဟိုတယ်မှာပေါက်ကွဲမှုအတွင်း သေဆုံးခဲ့

Source: AFP, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က