အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်မှုရှိကြောင်း သံသယရှိသူ ၇၀ ခန့် လွတ်မြောက်နေပါတယ်။

သီရိလင်္ကာမှာ အီစတာဆန်းဒေးနေ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့သူဟာ ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့ကြောင်း သမ္မတ မိုင်သရီပါလာ ဆီရိဆန်နာက ပြောပါတယ်။

(ဇဟ်ရန် ဟရှင်မ်) (Photo: Daily Mail)

ဧပြီ ၂၁ ရက် ဗုံးခွဲတိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့တဲ့ အစွန်းရောက် မွတ်စလင်မ် တရားဟောဆရာ ဇာဟ်ရန် ဟရှင်မ် (Zahran Hashim) ဟာ ကိုလံဘိုမြို့တော်ရှိ Shangri-La ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တယ်လို့ သီရိလင်္ကာသမ္မတက ပြောခဲ့တာဖြစ်ပါတယ်။ ဟရှင်မ်ဟာ အဆိုပါ ဟိုတယ်မှာ နောက်ထပ် ဗုံးခွဲသမားတစ်ဦးဖြစ်သူ အီလ်ဟမ် (Ilham) နဲ့အတူ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သမ္မတမိုင်သရီပါလာက ပြောခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။



သီရိလင်္ကာမှာ အီစတာဆန်းဒေးနေ့က ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၂၅၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ သီရိလင်္ကာ ထောက်လှမ်းရေးအဖွဲ့အစည်းက နိုင်ငံအတွင်းမှာ အိုင်အက်စ်အကြမ်းဖက်အုပ်စု (Islamic State - IS) နဲ့ ဆက်နွယ်နေကြောင်း သံသယရှိသူ ၁၄၀ ဝန်းကျင်ရှိနေတယ်လို့ ယုံကြည်ထားကြောင်းလည်း သမ္မတမိုင်သရီပါလာက ပြောခဲ့ပါတယ်။

(ဗုံးပေါက်ကွဲခဲ့သည့် Shangri-La ဟိုတယ်မြင်ကွင်း) (Photo: AP)

လက်ရှိမှာ ရဲတပ်ဖွဲ့က အီစတာဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်နေပြီး အိုင်အက်စ်အုပ်စုနဲ့လည်း ဆက်နွယ်မှုရှိကြောင်း သံသယရှိသူ ၇၀ ကျော်ကို ဖမ်းဆီးထားပြီး နောက်ထပ် ၇၀ ခန့် လွတ်မြောက်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။ သီရိလင်္ကာမှာ အီစတာဆန်းဒေးနေ့က ခရစ်ယာန်ဘုရားကျောင်းသုံးကျောင်းနဲ့ ဟိုတယ်သုံးခုကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်မှုတွ ဖြစ်ပွားခဲ့ပါတယ်။

အီစတာဆန်းဒေးနေ့ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူအများစုဟာ သီရိလင်္ကာနိုင်ငံသားတွေ ဖြစ်ကြကြောင်းနဲ့ နိုင်ငံခြားသား ၃၅ ဦးထက်မနည်းလည်း သေဆုံးခဲ့ကြော အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းတဲ့ ပြည်တွင်းအခြေစိုက် အစွန်းရောက် အစ္စလာမ်စ်အုပ်စု National Thowheed Jamath (NTJ) က ပြည်ပ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း ပြောထားခဲ့ပါတယ်။

(အိုင်အက်စ်က ထုတ်ပြန်ခဲ့သည့် ပိုစတာ) (Photo: Daily Mail)

သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့လုပ်ဆောင်ခဲ့တယ်လို အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကလည်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အိုင်အက်စ်အကြမ်းဖက်အုပ်စုက သီရိလင်္ကာမှာ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကို အောင်ပွဲခံမှုအဖြစ် ဝါဒဖြန့်ပိုစတာတစ်ခုကိုလည်း အွန်လိုင်းမှာလွှင့်တင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပိုစတာမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ၊ အသေခံဗုံးခွဲသမားများ၊ ပုပ်ရဟန်းမင်းကြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြန်မာနိုင်ငံမှ ဆရာတော် ဦးဝီရသူတို့ရဲ့ ပုံတွေကို မီးတောက်တွေနဲ့အတူ ဖော်ပြထားတာတွေ့ရပါတယ်။

  • အိုင်အက်စ်က ဖိလစ်ပိုင်နဲ့ မြန်မာကို ထိုးဖောက်ဝင်ရောက်ရန် စီစဉ်နေမှု

ထိုအတောအတွင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုက ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ ၎င်းတို့ထိန်းချုပ်နယ်မြေများကို လက်လွှတ်ခဲ့ရပြီးနောက် ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ထိုးဖောက်ခြေကုပ်ရယူရန် စီစဉ်ကြိုးပမ်းမှုတွေရှိနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

(မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ Mohamad Fuzi Harun) (Photo: NSTP/Muhaizan Yahya)

အိုင်အက်စ်က မလေးရှားနိုင်ငံ Sabah ပြည်နယ်ရှိ Tawau နဲ့ Sandakan ဒေသတွေကို ကြားခံဖြတ်သန်းနေရာအဖြစ် သတ်မှတ်ထားကြောင်း မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ Tan Sri Mohamad Fuzi Harun က ယနေ့ (ဧပြီ ၂၆ ရက်) ပြောကြားကြောင်း Bernama သတင်းမှာ ဖော်ပြထားပါတယ်။

အိုင်အက်စ်အုပ်စုဟာ ဆီးရီးယားနဲ့အီရတ်မှာ ရှုံးနိမ့်သွားခဲ့ပြီးနောက် ၎င်းတို့ရဲ့ အဓိက လှုပ်ရှားမှုနယ်မြေအဖြစ် အရှေ့တောင်အာရှကို ရည်ရွယ်ထားပုံရတယ်လို့ဆိုပါတယ်။ အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်နေသူတွေဟာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အခြား အရှေ့တောင်အာရှ နိုင်ငံများမှ နိုင်ငံသားတွေလည်း ပါဝင်နေကြောင်းသိရပါတယ်။

Share

Loading Next Article...
က္က