ဆီးရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေကန်စစ်ဆင်ရေးတစ်ခုအတွင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂ်ဒါဒီ သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း ဆီးရီးယား၊ အီရတ်နဲ့ အီရန်ရှိ သတင်းရင်းမြစ်တွေက ယနေ့ (အောက်တိုဘာ ၂၇ ရက်) ပြောကြားကြောင်း သိရပါတယ်။
(၂၀၁၄ ခုနှစ် ဇူလိုင် ၅ ရက်နေ့က ဗီဒီယိုမှာတွေ့ရသည့် အဘူဘာကာ) (Photo: AFP)
အမေရိကန် မီဒီယာတွေကလည်း အမေရိကန်စစ်တပ်က အိုင်အက်စ်ခေါင်းဆောင်ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်းနဲ့ သမ္မတဒေါ်နယ်ထရန့်က အဓိက ကြေညာတစ်ရပ်ထုတ်ပြန်ရန် အိမ်ဖြူတော်မှာ ပြင်ဆင်နေကြောင်း ရေးသားဖော်ပြနေကြပါတယ်။
အမည်မဖော်ပြတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားမှုအရ အဘူဘာကာကို ပစ်မှတ်ထားပြီး စီးနင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် စစ်ဆင်ရေးအောင်မြင်ခဲ့ခြင်းရှိ မရှိ မပြောနိုင်ကြောင်း သိရပါတယ်။
(ယခုနှစ်အစောပိုင်းက ဗီဒီယိုတစ်ခုထဲမှာတွေ့ရသည့် အဘူဘာကာ) (Photo: AFP)
ဆီးရီးယားအနောက်မြောက်ပိုင်း Idlib ပြည်နယ်ရှိ စစ်သွေးကြွအုပ်စုတစ်ခုရဲ့ ခေါင်းဆောင်ကလည်း ဒေသစံတော်ချိန် စနေနေ့ (အောက်တိုဘာ ၂၆ ရက်) သန်းခေါင်ကျော်အချိန်မှာ စတင်ခဲ့ပြီး ရဟတ်ယာဉ်များ၊ စစ်လေယာဉ်များနဲ့ မြေပြင်တပ်ဖွဲ့များ ပါဝင်တဲ့ စစ်ဆင်ရေးကို တူရကီနိုင်ငံ နယ်စပ်အနီးရှိ Brisha ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးအတွင်း အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ထို့အတူ အီရတ်လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်နှစ်ခုနဲ့ အီရန်အစိုးရ တာဝန်ရှိသူနှစ်ဦးကလည်း အဘူဘာကာ သေဆုံးသွားကြောင်း ဆီးရီးယားနိုင်ငံထဲမှ အတည်ပြုချက် ရရှိခဲ့တယလို့ ဆိုပါတယ်။
(Idlib ပြည်နယ်တည်နေရာပြ မြေပုံ) (Map: BBC)
"ကျွန်တော်တို့ရဲ့ ဆီးရီးယားမှာရှိတဲ့ သတင်းရင်းမြစ်တွေက အဘူဘာကာဟာ သူ့ရဲ့ကိုယ်ရံတော်နဲ့အတူ Idlib မှာ သေဆုံးသွားပြီလို့ အီရတ်ထောက်လှမ်းရေးအဖွဲ့ကို အတည်ပြုပြောခဲ့ပါတယ်၊ အဘူဘာကာက သူ့မိသားစုကို Idlib ကနေခေါ်ထုတ်ပြီး တူရကီနယ်စပ်ကိုသွားဖို့ ကြိုးစားခဲ့တုန်း သူ ပုန်းအောင်းနေတဲ့နေရာကို သိရှိသွားခဲ့တာပါ" လို့ အီရတ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက အဘူဘာကာ ပုန်းအောင်းနေခဲ့တဲ့ နေရာကို စီးနင်းတိုက်ခိုက်မှု မှတ်တမ်းတချို့ကို ထုတ်လွှင့်သွားမှာဖြစ်ပြီး အီရတ်ထောက်လှမ်းရေးအဖွဲ့တွေက ၎င်းရဲ့တည်နေရာကို သိရှိနိုင်ရန် ကူညီခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
(သမ္မတထရန့်က Twitter မှာ ရေးသားထားမှု) (Photo: Doland Trump/Twitter)
အမေရိကန် Newsweek မဂ္ဂဇင်းက အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးကြောင်းသတင်းကို ပထမဆုံး ဖော်ပြလာခဲ့တာဖြစ်ပြီး အမေရိကန်စစ်တပ် တာဝန်ရှိသူတစ်ဦးက အဘူဘာကာ သေဆုံးခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုအကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ ယခုသတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပြောကြားမှု မရှိသေးပါဘူး။
အမေရိကန်သမ္မတထရန့်က ထုတ်ပြန်သွားမယ့် ကြေညာချက်ဟာ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးသွားကြောင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ထရန့်ကလည်း 'အလွန်ကြီးမားတဲ့ တစ်ခုခု ဖြစ်ခဲ့တယ်' လို့ အဓိပ္ပါယ်ရတဲ့ စာသားကို Twitter မှာ နောက်ဆုံး ရေးသားထားတာ တွေ့ရပါတယ်။