ဈေးဝယ်စင်တာအတွင်း လူ ၃၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဧရိယာအတွင်း ဈေးဝယ်စင်တာတစ်ခုမှာ လူတစ်ဦးကို ပစ်ခတ်ခဲ့ပြီး လူ ၃၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တဲ့ လုံခြုံရေးဝန်ထမ်းဟောင်း သေနတ်သမားက လက်နက်ချ အညံ့ခံလိုက်ပြီလို့ သိရပါတယ်။

(Photo: Mayor Francis Zamora/Facebook)

ယနေ့ (မတ်လ ၂ ရက်) ဖြစ်ပွားခဲ့တဲ့ San Juan မြို့နယ်အတွင်း Greenhills Mall ရှိ V-Mall ဈေးဝယ်စင်တာဖြစ်ရပ်မှာ ဓားစာခံများကို ဖမ်းဆီးထားခဲ့တဲ့ သေနတ်သမားဟာ Archie Paray အမည်ရှိ အလုပ်ထုတ်ခံရသူ V-Mall လုံခြုံရေးအစောင့်တစ်ဦး ဖြစ်ပါတယ်။



ယနေ့ ညနေပိုင်းမှာ အဆိုပါ လုံခြုံရေးဝန်ထမ်းဟောင်း အမျိုးသားနဲ့ ၎င်းဖမ်းဆီးထားခဲ့တဲ့ ဓားစာခံများ V-Mall ဈေးဝယ်စင်တာ အဆောက်အအုံမှ ထွက်လာခဲ့တာကို တွေ့ရပါတယ်။ ဓားစာခံတွေ ဖမ်းဆီးထားခဲ့တဲ့ သေနတ်သမားက အညံ့ခံပြီးနောက် သတင်းမီဒီယာတွေကို စကားပြောခဲ့ပြီး အလုပ်နဲ့ပတ်သက်တဲ့ ၎င်းရဲ့ မကျေနပ်ချက်တွေကို ဖွင့်ဟခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: Ted Aljibe/AFP)

Archie Paray စကားပြောနေစဥ် လာရောက်ကြည့်ရှုကြတဲ့ လူအုပ်စုက အားပေးကြွေးကြော်ခဲ့ကြပါတယ်။ Archie Paray က မီဒီယာကို စကားပြောနေစဥ်အတွင်းမှာပဲ ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ၎င်းကို တာဝန်ပျက်ကွက်မှုကြောင့် V-Mall ဈေးဝယ်စင်တာ လုံခြုံရေးအဖြစ်မှ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဓားစာခံတွေကို ဖမ်းဆီးထားပြီး ညှိနှိုင်းမှုအတွင်း Archie Paray ရဲ့ တောင်းဆိုမှုအရ ဈေးဝယ်စင်တာရဲ့ လုံခြုံရေးဝန်ထမ်းခြောက်ဦးဟာ တောင်းပန်ခဲ့ကြပြီး အလုပ်မှနုတ်ထွက်ခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစောပိုင်းမှာ အာဏာပိုင်တွေနဲ့တူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဈေးဝယ်စင်တာကုမ္ပဏီ အရာရှိတွေကလည်း Archie Paray ကို ဝမ်းနည်းစရာဖြစ်စေခဲ့မှုအတွက် တောင်းပန်ခဲ့ကြကြောင်း သိရပါတယ်။

(Photo: Reuters)

"ကျွန်တော့်ရဲ့ အားနည်းချက်တွေအတွက် ကျွန်တော် အလေးအနက် စိတ်မကောင်းဖြစ်မိပါတယ်၊ ဒီဖြစ်ရပ်ကြောင့် ကျွန်တော် ရာထူးကနေ နုတ်ထွက်မှာပါ၊ ကျွန်တော်တို့ရဲ့ လက်ရှိပြဿနာကို ဖြေရှင်းဖို့အတွက်ပေါ့" လို့ ဈေးဝယ်စင်တာ ကြီးကြပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ယနေ့ ညနေပိုင်းမှာ V-Mall အဆောက်အအုံကနေ ဓားစာခံများ ပြန်လွတ်လာခဲ့ကြပေမဲ့ ၎င်းတို့ထဲမှ တစ်စုံတစ်ဦး ဒဏ်ရာရခဲ့ခြင်းရှိ မရှိနဲ့ ဖမ်းဆီးခံရတဲ့ ဓားစာခံအရေအတွက် အတိအကျကို ရဲတပ်ဖွဲ့က မပြောခဲ့ပါဘူး။ အစောပိုင်းမှာတော့ အာဏာပိုင်တစ်ဦးက ဈေးဝယ်စင်တာအတွင်း လူ ၃၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကြောင်း ပြောခဲ့ပါတယ်။
(Photo: Ted Aljibe/AFP)

ဓားစာခံတွေကို ဖမ်းဆီးထားခဲ့သူက လုံခြုံရေးအစောင့်တစ်ဦးကို သေနတ်ဖြင့်ပစ်ခဲ့ရာမှ ယခုဖြစ်ရပ် စတင်ခဲ့ကြောင်း San Juan မြို့နယ် အုပ်ချုပ်ရေးမှူး Francis Zamora က ဆိုပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က စကားပြောစက်မှတစ်ဆင့် ဓားစားခံဖမ်းဆီးထားသူနဲ့ ဆက်သွယ်ညှိနှိုင်းခဲ့ကြပါတယ်။ ဖိလစ်ပိုင်ဈေးဝယ်စင်တာတွေမှာ စားသောက်ဆိုင်များနဲ့ အရောင်းဆိုင်းများမှ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဆေးခန်းများအထိ ပါရှိကြပါတယ်။ V-Mall မှာ ဓားစာခံဖမ်းဆီးမှုဖြစ်ရပ် ဖြစ်ပွားစဥ်ကလည်း အဆောက်အအုံအတွင်း လူများပြည့်နှက်နေခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က