ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ ဒုတိယမြောက် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဇွန်လအတွင်း lockdown ဖြေလျှော့ပေးခဲ့ပြီးနောက် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်ခဲ့ရာ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အစိုးရက ယနေ့ (ဇူလိုင် ၂၁ ရက်) ပြောကြားလိုက်ပြီး သမ္မတဒူတာတေးက mask မတပ်တဲ့ မည်သူကိုမဆို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်အစိုးရက တစ်ရက်လျှင် လူဦးရေ ၃၂,၀၀၀ ကနေ ၄၀,၀၀၀ ကို COVID-19 စစ်ဆေးသွားရန် ရည်ရွယ်ထားပြီး လက်ရှိမှာတော့ တစ်ရက်လျှင် လူ ၂၀,၀၀၀ ကနေ ၂၃,၀၀၀ ကို စစ်ဆေးနေကြောင် ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကိုဒူကေးက သမ္မတဒူတာတေးနဲ့ အွန်လိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။



ဖိလစ်ပိုင်မှာ လက်ရှိအချိန်အထိ လူဦးရေ ၁.၁ သန်းနီးပါးကို COVID-19 စစ်ဆေးထားပြီးဖြစ်ကာ ဒူတာတေးက လာမယ့်နှစ် ဒုတိယ သုးလပတ်မှာ နိုင်ငံလူဦးရေရဲ့ ဆယ်ပုံတစ်ပုံဖြစ်တဲ့ လူဦးရေ ၁၀ သန်းကို စစ်ဆေးပြီးဖြစ်ရန် ရည်မှန်းထားပါတယ်။ "ကျွန်တော်တို့ နိုင်ငံသားတိုင်းကို မစစ်နိုင်ပါဘူး၊ ဒီလိုစစ်နိုင်တဲ့ နိုင်ငံ မရှိပါဘူး၊ အချမ်းသာဆုံး အမေရိကန်တောင် ဒီလို မလုပ်နိုင်ပါဘူး" လို့ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

(Photo: AFP)

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးပါက ဒုတိယမြောက် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာက ယနေ့ ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁,၉၅၁ ဦးနဲ့ သေဆုံးသူနှစ်ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇၀,၇၆၄ ဦးနဲ့ သေဆုံးသူ ၁,၈၃၇ ဦးရှိခဲ့ပါတယ်။

ယခုအခါ ဖိလစ်ပိုင်အစိုးရက ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နယ်မြေတွေမှာ lockdown အစီအမံများ ပြန်လည်သတ်မှတ်ထားပါတယ်။ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး သက်ရောက်မှုကြုံရတဲ့ နိုင်ငံ ၃၀ အနက် ဖိလစ်ပိုင်က စစ်ဆေးမှုနှုန်းအရ နံပါတ် ၂၄ နေရာမှာရှိနေကြောင်း အချက်အလက် ကိန်ဂဏန်းဆိုင်ရာ ဝက်ဘ်ဆိုက် Statista က ဖော်ပြထားပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း mask တပ်ရန် သို့မဟုတ် ခပ်ခွာခွာနေရန် စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာသူ မည်သူ့ကိုမဆို ဖမ်းဆီးမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း lockdown စည်းမျဥ်းတွေကို ချိုးဖောက်သူတွေဟာ ပြဿနာဖြစ်စေမှုအတွက် ပစ်ခတ်ခံရနိုင်တယ်လို့ စကားပြောကြမ်းတဲ့ သမ္မတဒူတာတေးက ပြောဆိုခဲ့ဖူးပါတယ်။

"လူတွေကို ဖမ်းဖို့အတွက် နှောင့်နှေးနေမှာ မဟုတ်ပါဘူး၊ COVID-19 ကူးစက်ပျံ့နှံ့စေမှုက ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှုတစ်ခု ဖြစ်တယ်၊ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခံရပြီဆိုရင် တစ်သက်လုံး သင်ခန်းစာရသွားလိမ့်မယ်" လို့ ဒူတာတေးက mask မတပ်သူတွေကို ဖမ်းဆီမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖိလစ်ပိုင်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့က ရောဂါလက္ခဏာ မပြင်းထန်သူတွေ သို့မဟုတ် ရောဂါလက္ခဏာ မပြသူတွေကို တစ်အိမ်တစ်ဆင်း လိုက်လံရှာဖွေပြီး သီးခြားခွဲထားမယ့် နေရာတွေမှာ ထားရှိသွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောထားခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရဲ့ ထိုလုပ်ရပ်အပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က