ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှုအများဆုံး နိုင်ငံပါတယ်။

အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေတဲ့ ဖိလစ်ပိုင်မှာ ယနေ့ (ဩဂုတ် ၁၀ ရက်) ထုတ်ပြန်မှုအရ ကူးစက်ခံရသူ နောက်ထပ် ၆,၉၅၈ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှုအသစ် အများဆုံးစံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: Reuters)

ယခုအခါ ဖိလစ်ပိုင်မှာ ကူးစက်ခံရသူ စုစုပေါင်း ၁၃၆,၆၃၈ ဦးအထိရှိလာပြီး အရှေ့တောင်အာရှမှာ ကူးစက်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်မှုအရ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း ၂၄ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၂,၂၉၃ ဦး ဖြစ်လာခဲ့ပါတယ်။



ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးလျှင် COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ ၁၂၇,၀၈၃ ဦးနဲ့ သေဆုံးသူ ၅,၇၆၅ ဦး ရှိခဲ့ကြောင်း သိရပါတယ်။ သမ္မတပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဖိလစ်ပိုင်မှာ လတ်တ‌လော ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာမှုဟာ စစ်ဆေးမှု အပြင်းအထန် လုပ်ဆောင်မှုကြောင့် ဖြစ်တယ်လို့ ဩဂုတ် ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်မှာ ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် မနီလာမြို့တော်နဲ့ ပတ်ဝန်းကျင်ရှိ ပြည်နယ်လေးခုကို ဩဂုတ် ၄ ရက်နေ့မှစပြီး တင်းကျပ်တဲ့ lockdown အစီအမံများ သီတင်းနှစ်ပတ်ကြာ ပြန်သတ်မှတ်ထားကြောင်း Reuters သတင်းက ဖော်ပြခဲ့ပါတယ်။

COVID-19 ကူးစက်မှုအသစ်များ တစ်ဟုန်ထိုး မြင့်တက်နေမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲနိုင်ကြောင်း ဆရာဝန် ၈၀,၀၀၀ နဲ့ သူနာပြု ၁ သန်းကို ကိုယ်စားပြုတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၈၀ က ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်ဆောင်ရွက်ရေး သသမ္မတဒူတာတေးကို ဩဂုတ် ၁ ရက်နေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

(Photo: Reuters)

ထိုနောက်ပိုင်းမှာတော့ မနီလာမြို့တော်နဲ့ ပတ်ဝန်းကျင်ရှိ ပြည်နယ်လေးခုမှာ နေထိုင်ကြတဲ့ လူဦးရေ ၂၇ သန်းကျော်ကို ကန့်သတ်ချက်အသစ်များနဲ့ သီတင်းနှစ်ပတ်ကြာ lockdown လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှု သိန်းနဲ့ချီ တွေ့ရှိရတဲ့ နိုင်ငံတွေဖြစ်ကြောင်း သိရပါတယ်။

ထိုအတောအတွင်း ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ မနက်ပိုင်းမှာ သန်း ၂၀ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း ကပ်ရောဂါကြောင့် သေဆုံးသူ ၇၃၃,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၂.၉ သန်းကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က