ဒေသခံများ အိပ်ပျော်နေစဉ် မနက်အစောပိုင်းမှာ လှုပ်ခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ကျွန်းစုတွေမှာ ဒေသခံအများအပြား အိပ်ပျော်နေစဉ် ယနေ့ (ဇူလိုင် ၂၇ ရက်) မနက်အစောပိုင်းက နာရီပိုင်းအတွင်း ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ခဲ့မှုအတွင်း လူရှစ်ဦးထက်မနည်း သေဆုံးပြီး လူဦးရေ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

(Photo: Philippine Red Cross)

ငလျင်နှစ်ခုဟာ ရစ်ချ်တာစကေး ၅.၄ နဲ့ ၅.၉ အဆင့်ဖြစ်ပြီး ဖိလစ်ပိုင်မြောက်ပိုင်း Batanes ပြည်နယ်မှာ ဗဟိုပြုလှုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နေရာဟာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမကြီး မြောက်ဘက်မှာရှိပြီး လူဦးရေ နေထိုင်မှုနည်းပါးတယ်လို့ ဆိုပါတယ်။



ငလျင်ကြောင့် ဒေသခံတွေ ကြောက်လန့်တကြား နေအိမ်ပြင်ပ ထွက်ပြေးခဲ့ကြကြောင်း သိရပြီး ဖိလစ်ပိုင်မီဒီယာတွေက နေအိမ်ပြိုကျမှုနဲ့ လမ်းမများ အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်း သတိပေးချက်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

(Photo: Philippine Red Cross)

ပထမငလျင်ဟာ ဒေသစံတော်ချိန် ယနေ့မနက် ၄ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ လှုပ်ခတ်ခဲ့ရာ လူအများအပြား အိပ်ပျော်နေဆဲအချိန်လည်း ဖြစ်ခဲ့ပါတယ်။ ထိုငလျင်လှုပ်ပြီးနောက် လေးနာရီမပြည့်မီမှာပင် နောက်ထပ် ပိုမို အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခဲ့ပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Raul de Sagon က ငလျင်လှုပ်မှုအတွင်း လူရှစ်ဦးသေဆုံးကြောင်းနဲ့ အခြား လူ ၆၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူတွေရဲ့ အခြေအနေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ငလျင်လှုပ်ချိန်ဟာ မနက်အစောပိုင်းဖြစ်တာကြောင့် လူအများအပြား ၎င်းတို့နေအိမ်တွေမှာသာ ရှိနေကြဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့အရာရှိ Uzi Villa က ပြောပါတယ်။

"အိမ်တွေ လှုပ်ရမ်းနေတာ ကျွန်တော်တို့ မြင်ခဲ့ရတယ်၊ တချို့အိမ်တွေရဲ့ နံရံတွေ ပြိုကျခဲ့ပြီး လူတွေပြုတ်ကျလာခဲ့တယ်" လို့ ရဲအရာရှိက AFP ကို ပြောခဲ့ပါတယ်။ "ငလျင်လှုပ်သွားတဲ့အချိန်က မနက်အစောကြီးဆိုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တဲ့ လူအချို့ သေဆုံးခဲ့ပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကလည်း ဖိလစ်ပိုင်တောင်ပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၅၁ ဦး ဒဏ်ရာရပြီး နေအိမ်နဲ့ခရစ်ယာန်ဘုရားကျောင်းအချို့နဲ့ အခြား အဆောက်အအုံများ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ဖူးပါတယ်။

(Map: USGS)

ငလျင်အန္တရာယ်ရှိတဲ့ ပစိဖိတ်မီးကွင်းနေရာဟာ ဂျပန်နိုင်ငံမှ အစပြုပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပစိဖိတ် မြစ်ဝှမ်းဒေသတစ်လျှောက်အထိ ဆက်စပ်လျက်ရှိပါတယ်။ ဖိလစ်ပိုင်မှာ လတ်တလော ကာလအတွင်း အင်အားအပြင်းထန်ဆုံး ငလျင်အဖြစ် ယခုနှစ် ဧပြီလအတွင်း ရစ်ချ်တာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု မနီလာမြို့မြောက်ဘက် ဒေသတစ်ခုမှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးကာ စူပါမက်ကတ်တစ်ခု ပြိုကျခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က