သွေးလွန်တုပ်ကွေးကြောင့် လူ ၆၂၂ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့ဖြစ်ပွားနေကြောင်း အစိုးရက ယနေ့ (သြဂုတ် ၆ ရက်) ကြေညာလိုက်ပါတယ်။

(Photo: EPA)

ဖိလစ်ပိုင်နိုင်ငံမှာ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် လူ ၆၂၂ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၄၆,၀၀၀ အထိရှိခဲ့ပြီး ယမန်နှစ် အလားတူအချိန်ကာလကထက် ၉၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဌာနက ပြောပါတယ်။



သွေးလွန်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေကြောင်း အစိုးရက ကြေညာလိုက်ခြင်းဖြင့် တာဝန်ရှိသူတွေအနေနဲ့ အရေးပေါ် ဆောင်ရွက်ရမယ့် နေရာဒေသတွေကို သတ်မှတ်နိုင်မှာလည်း ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဟာ ရာသီတုပ်ကွေးကဲ့သို့ လက္ခဏာများဖြစ်ပေါ်လေ့ရှိပြီး တစ်ခါတစ်ရံ ပိုမိုပြင်းထန်ကြောင်း သိရပါတယ်။

(Photo: Leo Solinap/EPA-EFE)

လတ်တလော ဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝှမ်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သိသာစွာ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အချက်အလက်တွေအရ သိရှိရကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ဖိလစ်ပိုင်အစိုးရက ဇူလိုင် ၁၅ ရက်နေ့မှာ သွေးလွန်တုပ်ကွေးရောဂါ သတိပေးချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာ ထုတ်ပြန်ထားခဲ့ကြောင်းလည်း သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက် မြင့်တက်လာနိုင်ခြေအတွက်လည်း စစ်ဘက်ဆေးရုံများ အပါအဝင် ဆေးရုံ၊ ဆေးခန်းတွေကို အသင့်ပြင်ဆင်ထားမယ်လို့ ဖိလစ်ပိုင်ကျန်းမာရေးဌာနက ဇူလိုင် ၁၇ ရက်နေ့မှာ ထုတ်ပြန်ပြောကြားထားခဲ့ပါတယ်။

(Infographic: AFP)

မြန်မာနိုင်ငံနှင့် သွေးလွန်တုပ်ကွေး

မြန်မာနိုင်ငံမှာလည်း ယခုနှစ် ဇန်နဝါရီမှ ဇွန်လ ၂၉ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်လူနာ ၅,၇၁၇ ဦးရှိခဲ့ပြီး ၂၀ ဦး သေဆုံးတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ဖြစ် ပွားမှုအများ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ ဇူလိုင်လလယ်ပိုင်းအထိ သွေးလွန်တုပ်ရောဂါ ဖြစ်ပွားသူ ၁,၂၆၀ ဦးရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြောင်း 7Day Daily သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနဲ့ သေဆုံးမှုဟာ ၂၀၁၇ ခုနှစ်ကလောက် မများသေးဘူးလို့လည်း ၎င်းကဆိုပါတယ်။

(Photo: Ministry of Health and Sports)

သေဆုံးသူအများစုမှာ အသက် ၅ နှစ်မှ ၉ နှစ်အရွယ်များဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် တစ်ဦးလည်းပါဝင်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအနက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ရွှေပြည်သာ၊ သန်လျင်၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ တောင်ဒဂုံမြို့နယ်များမှာလည်း ဖြစ်ပွားမှုများပါတယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၃,၂၇၃ ဦးရှိခဲ့ပြီး ၁၁၂ ဦး သေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၀၁၈ ခုနှစ်မှာ ၃,၆၄၉ ဦးရှိပြီး ၂၅ ဦး သေဆုံးခဲ့ကာ ၂၀၁၇ ခုနှစ်မှာတော့ ၇,၄၉၀ ဦး ဖြစ်ပွားခဲ့ပြီး ၆၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က