ကမ်းရိုးတန်ဒေသတွေမှာ ၆ ပေခွဲရှိတဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် ချဥ်းကပ်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနိမ့်ပိုင်းကမ်းရိုးတန်းဒေသရှိ ကျေးရွာတွေနဲ့ ကျွန်းများမှ ဒေသခံ ၁၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးထားကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: AFP)

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ဆိပ်ကမ်းနှစ်ခုမှာ မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားရန် ဒေသအာဏာပိုင်တွေက ပြေားထားကြောင်းလည်း သိရပါတယ်။ ဆိုင်ကလုန်းဘာဘ်ဘယ် (Cyclone Bulbul) တိုက်ခတ်မှုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ အမြင့် ၆ ပေခွဲအထိရှိတဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။



အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်ရှိတဲ့ ဆိုင်ကလုန်းဘာဘ်ဘယ်ဟာ ယနေ့ (နိုဝင်ဘာ ၉ ရက်) ညပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ဆိုပါတယ်။ အဆိုပါ မုန်တိုင်းဟာ ကမ္ဘာ့အကြီးဆုံး လမုတောဖြစ်တဲ့ ဆန်ဒါဘန်းစ် (Sunderbands) အနီး ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်ဖွယ် ရှိပါတယ်။

(Map Infographic: Dhaka Tribune)

ဆန်ဒါဘန်းစ်လမုတောဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိအရှေ့ပိုင်းနေရာကိုခွလျက်တည်ရှိပြီး ဘင်္ဂလားကျားတွေ ကျက်စားနေထိုင်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။ ဆိုင်ကလုန်းဘာဘ်ဘယ်ဟာ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကို ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှာ တာဝန်ရှိသူ ရှာဟ်ကမဲလ်က AFP သတင်းဌာနကို ပြောပါတယ်။

မုန်တိုင်း မဝင်ရောက်မီ လူဦးရေ ၁.၅ သန်းခန့်ကို ရွှေ့ပြောင်းရန် အစီအစဥ်ရှိကြောင်းလည်း ၎င်းကဆိုပါတယ်။ မုန်တိုင်းတိုက်ခတ်မယ့် အန္တရာယ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းတွေရဲ့ စာမေးပွဲများကို ဆိုင်းငံ့ထားပြီး ကမ်းရိုးတန်းဒေသမှာ စီစဥ်ထားတဲ့ အားလပ်ရက် ရိုးရာပျော်ပွဲရွှင်ပွဲကိုလည်း ဖျက်သိမ်းထားကြောင်း သိရပါတယ်။


(Photo: India Today)

ထို့အတူ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက ဆိပ်ကမ်းနှစ်ခုဖြစ်တဲ့ မွန်ဂလာနဲ့ စစ်တကောင်း ဆိပ်ကမ်းတွေကိုလည်း လုပ်ငန်းများရပ်ဆိုင်းထားတယ်လို့ ကမဲလ်က ပြောပါတယ်။ မုန်တိုင်းအန္တရာယ်ရှိကြောင်း တစ်အိမ်တက်ဆင်း သတိပေးပြောကြားရန်အတွက် စေတနာ့ဝန်ထမ်း ၅၅,၀၀၀ ကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

လူဦးရေ သန်း ၃၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အနိမ့်ပိုင်း ကမ်းရိုးတန်းနေရာမှာ တည်ရှိပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်မှုကို ပုံမှန်ကြုံရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ် အနည်းငယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ပါတယ်။

(Photo: NASA)

၂၀၀၇ ခုနှစ်က ဆိုင်ကလုန်းဆစ်ဒ်အာ (Cyclone Sidr) တိုက်ခတ်မှုကြောင့် လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း လတ်တလော နှစ်များအတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု တိုးတက်လာခဲ့ပြီး သေဆုံးသူအရေအတွက်ကို လျှော့ချလာနိုင်ခဲ့ပါတယ်။ ယခုနှစ်မေလက ငါးနှစ်အတွင်း အားအကောင်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖန်နီ (Cyclone Fani) ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပေမဲ့ သေဆုံးသူအရေအတွက် တစ်ဒါဇင်ကျော်မျှသာရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ မိုးဇလက မွန်းလွဲပိုင်းအချိန် ထုတ်ပြန်ချက်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းဘာဘ်ဘယ်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၉၀ ခန့်နဲ့ မောင်တောမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းဘာဘ်ဘယ် တိုက်ခတ်နေစဥ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးမယ်လို့ မိုးဇလက ပြေထားပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ကြောင်းလည်း သိရပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်လို့ ဆိုပါတယ်။ လှိုင်းအမြင့်ဟာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေမှ ၁၅ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ယနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က