မုန်တိုင်းဒီရေအကြောင်း အဓိကအချက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖန်နီက အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသ ကုန်းတွင်းပိုင်းကို ယနေ့ (မေ ၃ ရက်) ဝင်ရောက်တိုက်ခတ်ပါတယ်။

(Photo: Washington Post)

မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု၊ လေပြင်းတိုက်ခတ်မှု အစရှိတဲ့ဖြစ်ရပ်တွေ ကြုံနိုင်သကဲ့သို့ 'မုန်တိုင်းဒီရေ' တက်ရောက်ရိုက်ခတ်မှုကလည်း အန္တရာယ်ရှိပါတယ်။ မုန်တိုင်းဒီရေဟာ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ပင်လယ်ရေမျက်နှာပြင် သိသာစွာ မြင့်တက်လာခဲ့ပြီး အဖျက်စွမ်းအားကြီးတဲ့ ပင်လယ်ရေလှိုင်းတွေက မြေပြင်ပေါ်ရှိ လူနဲ့အဆောက်အအုံများကို ရိုက်ခတ်ဖုံးလွှမ်းသွားနိုင်ပါတယ်။ အန္တရာယ်ကြီးတဲ့ မုန်တိုင်းဒီရေနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ မေးခွန်းနဲ့ အဖြေအချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

  • မုန်တိုင်းဒီရေ ဘယ်လိုဖြစ်တာလဲ?

မုန်တိုင်းဒီရေဟာ မိုးရွာသွန်းမှု သို့မဟုတ် ရေကြီးမှုတွေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါဘူး။ မုန်တိုင်းကြောင့် လေပြင်းတိုက်မှုက ပင်လယ်ရေမျက်နှာပြင်ကို ကုန်းမြေဆီသို့ တွန်းပို့ခြင်းဖြင့် ဒီရေလှိုင်းတွေ တက်ရောက်လာတာဖြစ်ပါတယ်။

(Source and Infographic: AFP, NOAA, Met Office)

အဆိုပါ သဘာဝဖြစ်စဉ်ဟာ မုန်တိုင်းတစ်ခုကြောင့် ပုံမှန်မဟုတ်ဘဲ ရေမျက်နှာပြင် အဆမတန် မြင့်တက်လာပြီး ခန့်မှန်းထားတဲ့ ဒီရေအမြင့်ထက် ပိုမြင့်တဲ့ ဒီရေတက်ရောက်မှုကို ကြုံရတာဖြစ်တယ်လို့ US National Oceanic and Atmospheric Administration (NOAA) က ပြောပါတယ်။ အိန္ဒိယအရှေ့ပိုင်း သြရိသျှပြည်နယ်ကို ယနေ့ ဝင်ရောက်တိုက်ခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဖန်နီ (Cyclone Fani) ကြောင့် အမြင့် ၅ ပေရှိ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောထားပါတယ်။

  • မုန်တိုင်းဒီရေက ဘာကြောင့် အလွန်အန္တရာယ်ကြီးတာလဲ?

ယခင်က မုန်တိုင်းတိုက်ခတ်မှုများအတွင်း တက်ရောက်လာတတ်တဲ့ မုန်တိုင်းဒီရေက အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အခြေအနေအပေါ် နားမလည်ကြတာကြောင့် လူတွေဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း မရှိပါဘူး။

(Photo: AFP)

၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ တိုင်ဖွန်းမန်တိုင်းဟိုင်ယန် (Typhoon Haiyan) ဝင်ရောက်တိုက်ခတ်ခဲ့စဉ် လူပေါင်း ၇,၃၅၀ သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးနေမှုဟာ အဓိကအားဖြင့် မုန်တိုင်းဒီရေကြောင့် ဖြစ်ပါတယ်။ တိုင်ဖွန်းဟိုင်ယန် တိုက်ခတ်စဉ်အတွင်း ဖိလစ်ပိုင်ကမ်းရိုးတန်းရှိ လူဦရေ ၂၄၀,၀၀၀ နေထိုင်ရာ Tacloban မြို့ကဲ့သို့ မြို့တွေမှာ ၂၄ ပေကျော်မြင့်တဲ့ မုန်တိုင်းဒီရေ တက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန်မှာလည်း ၂၀၀၅ ခုနှစ်က ပင်လယ်ကွေ့ကမ်းရိုးတန်းမှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ကက်ထရီနာ (Hurricane Katrina) ကြောင့် လူ ၁,၈၀၀ သေဆုံးခဲ့ရာမှာ အများစုက မုန်တိုင်းဒီရေကြောင့် ဖြစ်ပါတယ်။ မုန်တိုင်းဒီရေတွေဟာ ကုန်းမြေအတွင်းပိုင်းကို ဒါဇင်နဲ့ချီတဲ့ မိုင်အကွာအဝေးအထိ ရောက်ရှိနိုင်ပြီး အဆောက်အအုံများနဲ့ လမ်းမများကို လျင်မြန်စွာ ရိုက်ခတ်ဖုံးလွှမ်းသွားနိုင်ပါတယ်။

(Photo: AFP)

ထိုဖြစ်စဉ်ကြောင့် မုန်တိုင်းဒီရေတက်ရောက်မှုနဲ့ မလွတ်ကင်းတဲ့နေရာရှိ လူတွေဟာ ၎င်းတို့ရဲ့ ကားများ သို့မဟုတ် နေအိမ်များထဲမှာ ရေနစ်သေဆုံးနိုင်ပါတယ်။ မြင့်မားတဲ့ မုန်တိုင်းဒီရေတံတိုင်းဟာ ကုန်းတွင်းပိုင်းကို မုန်တိုင်း မဝင်ရောက်မီမှာပင် စတင်ဖြစ်ပေါ်နိုင်ပြီး ထိုအခြေအနေက လူတွေကို မုန်တိုင်းဒီရေလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး အချိန်မီ သတိပေးနိုင်ရန် ပိုမိုခက်ခဲစေပါတယ်။

  • မုန်တိုင်းဒီရေ အဖျက်စွမ်းအား အကြောင်းရင်းတွေက ဘာတွေလဲ?

ကုန်းမြေပေါ်သို့ တက်ရောက်လာတဲ့ မုန်တိုင်းဒီရေ အဖျက်စွမ်းအားဟာ မုန်တိုင်းအရွယ်အစားနဲ့ လေတိုက်နှုန်း အပါအဝင် အကြောင်းရင်းတွေအပေါ် မူတည်နေပါတယ်။ ထို့အတူ ပင်လယ်ကမ်းရိုးတန်းရဲ့ ပထဝီဝင်အနေအထားနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် တည်ရှိမှုအခြေအနေ့နဲ့လည်း သက်ဆိုင်နေပါတယ်။

ပင်လယ်အော်တွေမှာ မုန်တိုင်းဒီရေက ပိုမိုမြင့်မားတဲ့ ကုန်းမြေနေရာသို့ မြင့်တက်ရောက်ရှိနိုင်ကြောင်း Hong Kong Observatory က ဆိုပါတယ်။ ဖိလစ်ပိုင်မှာ တိုင်ဖွန်းဟိုင်ယန် တိုက်ခတ်ခဲ့စဉ်က မုန်တိုင်းဒီရေ တက်ရောက်ရိုက်ခတ်မှု အဆိုးရွားဆုံးကြုံခဲ့ရတဲ့ Tacloban မြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆ ပေအောက်သာရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

(Photo: Reuters)

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာခြင်းနဲ့ သမုဒ္ဒရာများ ပူနွေးလာခြင်းတို့ကလည်း မုန်တိုင်းဒီရေ တက်ရောက်ရိုက်ခတ်မှုကို လာမယ့် ဆယ်စုနှစ်များအတွင်း ပိုမိုဆိုးရွားစေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ လေ့လာမှုအများအပြားအရ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ မုန်တိုင်းဒီရေတွေ မကြာခဏ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး အသက်အန္တရာယ်လည်း ပိုရှိလာနိုင်ကြောင်း သိရပါတယ်။

  • မုန်တိုင်းဒီရေကို ကာကွယ်နိုင်လား?

မုန်တိုင်းဒီရေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်မှုတစ်ခုကတော့ မုန်တိုင်းဒီရေ တက်ရောက်ရိုက်ခတ်မှုနဲ့ မလွတ်ကင်းနိုင်တဲ့နေရာမှာ နေထိုင်ကြသူတွေကို အမြင့်ပိုင်းနေရာများသို့ ကြိုတင်ရွှေ့ပြောင်းပေးမှုပဲ ဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသ အနိမ့်ပိုင်းနေရာတွေမှာ မုန်တိုင်းဒီရေကို ကာကွယ်ရန်အတွက် တာပေါင်ရိုးတွေ တည်ဆောက်ထားနိုင်ပါတယ်။ အနိမ့်ပိုင်းနေရာဖြစ်တဲ့ အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ်မှာ ထိုကဲ့သို့ တာပေါင်ရိုးတွေသုံးပြီး မုန်တိုင်းဒီရေနဲ့ ရေကြီးမှုတွေကို ကာကွယ်ထားတယ်လို့ ဆိုပါတယ်။ 

Source: NOAA, AccuWeather, AFP

Share

Loading Next Article...
က္က