ကြွက်မှာစမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် လာမယ်နှစ်အတွင်း အသုံးပြုရန် အသင့်ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ကြွက်မှာစမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် လာမယ်နှစ်အတွင်း အသုံးပြုရန် အသင့်ဖြစ်မယ်လို့ မျှော်လင့်ကြောင်း အကြီးတန်း အစိုးရအရာရှိတစ်ဦးက မေ ၂၀ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

Messenger RNA (mRNA) ကို အခြေခံထားတဲ့ နည်းပညာသစ်ဖြင့် ထိုင်းမှာထုတ်လုပ်နေတဲ့ ကာကွယ်ဆေးကို ကြွက်မှာစမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် လာမယ့် သီတင်းပတ်အတွင်း မျောက်တွေမှာ စမ်းသပ်သွားမယ်လို့ အစိုးရရဲ့ Centre for COVID-19 Situation Administration မှ ပြောခွင့်ရအမျိုးသား Taweesin Wisanuyothin ဆိုပါတယ်။ "ကာကွယ်ဆေးကို လာမယ့်နှစ်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ရပါတယ်" လို့ ၎င်းက ပြောပါတယ်။



ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကြောင့် ဖြစ်ပေါ်လာတဲ့ COVID-19 ရောဂါအတွက် ကာကွယ်ဆေးအမျိုးပေါင်း ၁၀၀ ကျော် ထုတ်လုပ်နေပြီး လူတွေမှာ စမ်းသပ်မှုအချို့လည်း လုပ်ဆောင်ထားပါတယ်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကာကွယ်ဆေးတစ်ခု အတည်ပြုထုတ်လုပ်ရန် အနည်းဆုံး ၁၂ လ ကြာမြင့်လိမ့်မယ်လို့ ဧပြီလအတွင်း ပြောထားခဲ့ပါတယ်။

(Illustration Photo: Reuters)

ထိုင်းနိုင်ငံရဲ့ ကာကွယ်ဆေးကို National Vaccine Institute, Department of Medical Science နဲ့ Chulalongkorn တက္ကသိုလ်ရဲ့ ကာကွယ်ဆေးသုတေသနဌာနတို့က ထုတ်လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ mRNA က ခန္ဓာကိုယ်ဆဲလ်တွေကို antigen များ ထုတ်လုပ်စေရန် လှုံ့ဆော်ပေးပြီး အဆိုပါ antigen က ကိုယ်ခံအားစနစ် တုံ့ပြန်လုပ်ဆောင်မှုကို နှိုးဆွဖြစ်ပေါ်စေပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ Johns Hopkins Global Health Security Index အစီရင်ခံစာအရ ကူးစက်ရောဂါကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်မှုနဲ့ ကူးစက်ပျံ့နှံ့မှု လျော့နည်းစေမှုမှာ ကမ္ဘာ့နိုင်ငံများအနက် အဆင့်ငါးနေရာမှ ရပ်တည်ခဲ့ပြီး တောင်ကိုရီးယားရဲ့ အထက်မှာဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Soe Zeya Tun/Reuters)

ထိုင်းဟာ တရုတ်ပြင်ပမှာ COVID-19 ကူးစက်မှုတွေ့ရှိခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်ခဲ့ပြီး အသုံးပြုရန် အဆင့်သင့်ဖြစ်တဲ့ ကာကွယ်ဆေးတစ်ခုကိုလည်း ပထမဆုံးရရှိတဲ့ နိုင်ငံဖြစ်လိုကြောင်း Taweesin Wisanuyothin က ပြောပါတယ်။ ယနေ့ (မေ ၂၁ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ ထိုင်းမှာ COVID-19 အတည်ပြုလူနာ ၃,၀၃၄ ဦး၊ သေဆုံးသူ ၅၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂,၈၈၈ ဦးရှိခဲ့ကြောင်း သိရပါတယ်။

ယခု သီတင်းပတ်အတွင်းမှာပင် အမေရိကန်အခြေစိုက် Moderna Therapeutics ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်နေတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး mRNA-1273 ကို လူတွေမှာ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့မှုအရ အလားအလာကောင်းတဲ့ အစောပိုင်းရလဒ်များ တွေ့ရှိရကြောင်း မေ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

(Photo: Soe Zeya Tun/Reuters)

ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကိုလည်း မျောက်တွေမှာ စမ်းသပ်ခဲ့ရာ ရောဂါကာကွယ်ခဲ့တယ်လို့ မေ ၁၄ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး BNT162 ကို လူတွေမှာ စမ်းသပ်ထားပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းအရောက်မှာ လူဦးရေ သန်းနဲ့ချီ ကာကွယ်ဆေးရရှိနိုင်မယ်လို့ ကုမ္ပဏီနှစ်ခုက ထုတ်ပြန်ထားပါတယ်။ 

Share

Loading Next Article...
က္က