အမေရိကန်နိုင်ငံသားမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
Ko John

ထိုင်းနိုင်ငံ ပတ္တယားမြို့ရှိ ခရိုင်တရားရုံးကနေ ရဲအရာရှိကို တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ မူးယစ်ဆေးဝါး သံသယတရားခံ သုံးဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် အမေရိကန်နိုင်ငံသားမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

(Bart Allen နှင့် Sirinapa တို့ကို ဖမ်းဆီးမိခဲ့စဥ်) (Photo: The Pattaya News)

ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) ညနေပိုင်းက ကမ္ဘောဒီးယားနယ်စပ်မှ မိုင် ၂၀ ခန့်အကွာ ထိုင်းနိုင်ငံ Sa Kaeo ခရိုင်အတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် အမေရိကန်နိုင်ငံသား Bart Allen Helmus ဟာ ရဲတပ်ဖွဲ့က ဝိုင်းထားခဲ့စဥ် ကိုယ့်ကိုယ်ကိုယ်နဲ့ အသက် ၃၁ နှစ်အရွယ် ထိုင်းလူမျိုး ဇနီးဖြစ်သူ Sirinapa Wisetrit ကို ပစ္စတိုသေနတ်ဖြင့် ပစ်ခဲ့ပါတယ်။

Sirinapa ဟာ သေနတ်ဒဏ်ရာရခဲ့ပြီး အသက်မသေခဲ့ပေမဲ့ Bart Allen က ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့နှစ်ဦးနဲ့အတူ ပတ္တယားခရိုင်တရားရုံးကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ထိုင်းအမျိုးသား Noi Ton Nilthes ကတော့ အစောပိုင်းမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။

(ကိုယ်တိုင်အဖမ်းခံခဲ့သည့် Noi Ton)(Photo: The Pattaya News)

ထိုင်းရေဒီယိုသတင်းဌာန Jor Sor 100 ရဲ့ အဆိုအရ Noi Ton ဟာ ၎င်းရဲ့ဆွေမျိုးများမှတစ်ဆင့် ရဲတပ်ဖွဲ့ထံ ဆက်သွယ်ခဲ့ပြီး အဖမ်းခံလိုကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ Bart Allen နဲ့ Sirinapa တို့ဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုဖြင့် သေဒဏ်ချမှတ်ခံရနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

Bart Allen ဟာ အမေရိကန်နိုင်ငံ ကက်တင်ကီပြည်နယ်မှ ဖြစ်တယ်လို့ဆိုပါတယ်။ Bart Allen စုံတွဲနဲ့ Noi Ton တို့ဟာ တနင်္လာနေ့ (နိုဝင်ဘာ ၄ ရက်) မွန်းလွဲပိုင်းက ရဲအရာရှိကို သေနတ်ဖြင့်ပစ်ခတ်၊ ဓားဖြင့်ထိုးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ ၎င်းတို့ဟာ Isuzu ပစ်ကပ်ထရပ်ကားတစ်စီးဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး အဆိုပါကားကိုတော့ Chon Buri ခရိုင်အတွင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(သေနတ်နှင့်ဓား ယူဆောင်ပေးခဲ့သည့် Warakorn ကို ဖမ်ဆီးခဲ့စဥ်) (Photo: The Pattaya News)

မူးယစ်ဆေးဝါး သံသယတရားခံ သုံးဦး တရားရုံးမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကူညီခဲ့သူ အနည်းဆုံး နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးထားသူတွေအနက် အသက် ၂၀ အရွယ် ထိုင်းအမျိုးသား Warakorn ‘Mod’ Ditmalee ဟာ မူးယစ်သံသယတရားခံသုံးဦး တရားရုံးကနေ ထွက်ပြေးစဥ်က အသုံးပြုခဲ့တဲ့ သေနတ်နဲ့ဓားကို Noi Ton ထံယူဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ထွက်ပြေးလာသူ သုံးဦးကို ချုပ်နှောင်ထားတဲ့ သံကြိုးတွေကိုလည်း ပတ္တယားမြို့တောင်ပိုင်းရှိ ၎င်းတို့ ဆုံမှတ်အဖြစ် သတ်မှတ်ထားတဲ့နေရာမှာ ဖြုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ အဓိက ဖြတ်သန်းသယ်ဆောင်ရာ လမ်းကြောင်းနေရာတစ်ခု ဖြစ်နေပါတယ်။

(ထွက်ပြေးသွားစဥ် အသုံးပြုခဲ့သည့် Isuzu ကား) (Photo: The Pattaya News)

ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုအများအပြားကို မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ နယ်နမိတ်ထိစပ်နေတဲ့ နာမည်ကြီး ရွှေတြိဂံနယ်မြေမှာ လုပ်ဆောင်ကြပါတယ်။ ထိုင်းလေဆိပ်တွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုသတင်းတွေ မကြာခဏ ကြားသိရပါတယ်။ ကိုကင်းပမာဏ ၁.၂ ကီလိုဂရမ် ပါဝင်တဲ့ အိတ်တွေကို မျိုချထားတဲ့ ကင်ညာအမျိုးသမီးတစ်ဦးကို စနေနေ့ (နိုဝင်ဘာ ၂ ရက်) က ဖမ်းဆီးခဲ့ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ယနေ့ ပြောကြားခဲ့ပါတယ်။

Source: ViralPress, The Pattaya News, Bangkok Post



ဆက်စပ်အကြောင်းအရာများ


က္က