ဖွံ့ဖြိုးပြီးနိုင်ငံများမှ တင်ပို့လိုက်တဲ့ စွန့်ပစ်အမှိုက်များကိစ္စကို အလေးထား ဆောင်ရွက်လာနေကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံများမှ တင်ပို့လိုက်တဲ့ စွန့်ပစ်အမှိုက်များကိစ္စကို အလေးထား ဆောင်ရွက်လာနေကြရာမှာ ယခုအခါ ကမ္ဘောဒီးယားနိုင်ငံကလည်း သင်္ဘောတင် ကုန်သေတ္တာတွေထဲမှာတွေ့ရတဲ့ ပလတ်စတစ်အမှိုက် တန်ချိန် ၁,၆၀၀ ကို အမေရိကန်နဲ့ကနေဒါသို့ ပြန်ပို့မယ်လို့ ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။

(Photo: AFP)

ယမန်နှစ်မှာ တရုတ်အစိုးရက နိုင်ငံအတွင်း ပလတ်စတစ်အမှိုက်များ တင်သွင်းမှုတွေကို တားမြစ်ပိတ်ပင်လိုက်ပြီးနောက် ဖွံ့ဖြိုးပြီးနိုင်ငံတွေ အနေနဲ့ ၎င်းတို့ရဲ့ စွန့်ပစ်အမှိုက်တွေကို ပို့ဆောင်နိုင်မယ့် နိုင်ငံများရှာဖွေနေရပါတယ်။



ပလတ်စတစ်အမှိုက်တွေပါဝင်တဲ့ ကုန်သေတ္တာအများအပြားကို Sihanoukville ဆိပ်ကမ်းမြို့မှာ အင်္ဂါနေ့ (ဇူလိုင် ၁၆ ရက်) က တွေ့ရှိခဲ့ပြီး ၎င်းတို့ကို မူလတင်ပို့လိုက်တဲ့ နိုင်ငံများသို့ ပြန်ပို့သွားမယ်လို့ ပတ်ဝန်ကျင်ဆိုင်ရာဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Neth Pheaktra က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Preap Kol/Facebook)

"ကမ္ဘောဒီးယားက ခေတ်မမီတော့တဲ့ နည်းပညာတွေ စွန့်ပစ်ဖို့အတွက် အမှိုက်ပုံးတစ်ခု မဟုတ်ပါဘူး" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ Neth Pheaktra ရဲ့ ပြောကြားမှုအရ အမေရိကန်မှ တင်ပို့လိုက်တဲ့ ပလတ်စတစ်အမှိုက် ကုန်သေတ္တာ အလုံး ၇၀ နဲ့ ကနေဒါမှ တင်ပို့လိုက်တဲ့ ပလတ်စတင်အမှိုက် ကုန်သေတ္တာ ၁၃ လုံးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပလတ်စတစ်အမှိုက်များဖြင့် ပြည့်နေတဲ့ ကုန်သေတ္တာတွေကို တာဝန်ရှိသူတွေက စစ်ဆေးနေတဲ့ ဓာတ်ပုံတွေကိုလည်း ကမ္ဘောဒီးယား ဆိုရှယ်မီဒီယာအသုံးပြုသူတွေက လွှင့်တင်ခဲ့ကြပါတယ်။ အမှိုက်တွေပို့ခြင်းဟာ အမှန်တစ်ကယ် စော်ကားမှုတစ်ခု ဖြစ်တယ်လို့ Transparency International Cambodia မှာ အမှုဆောင်ညွန်ကြားရေးမှူး Preap Kol က Facebook မှာ ပြောခဲ့ပါတယ်။

(Photo: Amm.News)

အရှေ့တောင်အာရှ ကမ်းရိုးတန်းတွေမှာ အမှိုက်ပမာဏများပြားစွာ စုပုံရောက်ရှိလာမှုတွေ ရင်ဆိုင်နေရပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဒါဇင်နဲ့ချီတဲ့ အမှိုက်ကုန်သေတ္တာတွေကို ပြင်သစ်နဲ့ အခြား ဖွံ့ဖြိုးပြီး နိုင်ငံများသို့ ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့လအတွင်း ကြေညာထားပါတယ်။

မလေးရှားနိုင်ငံကလည်း ပလတ်စတစ်အမှိုက် တန်ချိန် ၄၅၀ ကျော်ကို မူလတင်ပို့လိုက်တဲ့ နိုင်ငံများသို့ ပြန်ပို့ခဲ့ကြောင်း ပြီးခဲ့တဲ့ မေလအတွင်း ပြောခဲ့ပါတယ်။ မလေးရှားက ထိုကဲ့သို့ ပလတ်စတစ်အမှိုက် တန်ချိန် ၃,၀၀၀ အထိကို မူလနိုင်ငံများသို့ ပြန်ပို့သွားမယ်လို့ ကြေညာထားပါတယ်။

(Photo: Amm.News)

အမှိုက်ပြဿနာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှမှ ဖိလစ်ပိုင်နိုင်ငံနဲ့ အမှိုက်တင်ပို့လိုက်တဲ့ ကနေဒါနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး တင်းမာမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာတော့ ဖိလစ်ပိုင်က အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို မူလတင်ပို့လိုက်တဲ့ ကနေဒါနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။

Worldwide Fund for Nature အဖွဲ့အစည်းရဲ့ အဆိုအရ နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ချိန် သန်း ၃၀၀ ဝန်းကျင် ထွက်ရှိနေပြီး ထိုအမှိုက်အများအပြားဟာ မြေကြီးထဲကိုရောက်ရှိသွားခြင်း သို့မဟုတ် ပင်လယ်ထဲမှာမျောပါနေကာ ရေထုညစ်ညမ်းစေပြီး နိုင်ငံတကာနဲ့ပတ်သက်တဲ့ အကျပ်အတည်းတစ်ခု ဖြစ်လာနေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က