WHO အနေနဲ့ အကြံပြုချက်တွေကို ပြင်ဆင်ရန် သိပ္ပံပညာရှင်တွေက တောင်းဆိုထားပါတယ်။

လေထုအတွင်း သေးငယ်တဲ့ အမှုန်အမွှားလေးများထဲရှိ‌ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေကို ကူးစက်နိုင်တဲ့ အထောက်အထားရှိကြောင်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအနေနဲ့ အကြံပြုချက်တွေကို ပြင်ဆင်ရန် ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်တွေက တောင်းဆိုထားကြောင်း New York Times သတင်းက ဇူလိုင် ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

(Photo: AP)

COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ဟာ အဆိုပါ ရောဂါရှိနေသူ လူနာတစ်ဦး ချောင်းဆိုး၊ နှာချေစဥ် သို့မဟုတ် စကားပြောစဥ် နှာခေါင်းနဲ့ ပါးစပ်မှ လွင့်ထွက်လာတဲ့ အရည်အစက်လေးများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ အဓိက ကူးစက်ပျံ့နှံ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောထားခဲ့ပါတယ်။



ယခုအခါမှာတော့ လေထုထဲရှိ သေးငယ်တဲ့ အမှုန်အမွှားလေးများမှတစ်ဆင့် ဗိုင်းရပ်စ်က လူတွေကို ကူးစက်နိုင်ကြောင်း အထောက်အထားကို နိုင်ငံ ၃၂ နိုင်ငံရှိ သိပ္ပံပညာရှင် ၂၃၉ ဦးက WHO ထံ ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြခဲ့ကြပါတယ်။ ထိုအိတ်ဖွင့်ပေးစာကို လာမယ့် သီတင်းပတ်အတွင်း သိပ္ပံပညာဆိုင်ရာ ဂျာနယ်တစ်ခုမှာ ထုတ်ပြန်ဖော်ပြသွားရန်လည်း သိပ္ပံပညာရှင်တွေက စီစဥ်ထားပါတယ်။

(Photo: AP)

ယခု သတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် Reuters သတင်းဌာနက WHO ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လတ်တလော တုံ့ပြန်ပြောကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ နှာချေပြီးနောက် လေထုထဲကို လွင့်ထွက်လာတဲ့ ကြီးမားတဲ့ အရည်အစက်များကဖြစ်စေ သို့မဟုတ် အသက်ရှူထုတ်လိုက်ရာမှ ထွက်လာပြီး အခန်းတစ်ခန်းအတွင်း လေထဲမှာ လွင့်မျောနေနိုင်တဲ့ များစွာပိုမိုသေးငယ်တဲ့ အရည်အစက်လေးများကဖြစ်စေ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ထိုအခြေအနေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှတစ်ဆင့် လူတွေ အသက်ရှူသွင်းလိုက်ချိန်မှာ ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောခဲ့ကြောင်း New York Times က ဖော်ပြပါတယ်။ သို့သော် New York Times ရဲ့ အဆိုအရ WHO ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှတစ်ဆင့် ကူးစက်တဲ့ဗိုင်းရပ်စ်ဖြစ်ကြောင်း အထောက်အထားကို လက်ခံယုံကြည်ထားခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

(Photo: Lintao Zhang/Getty Images)

"ကိုရိုနာဗိုင်းရပ်စ်က လေထဲကနေ ကူးစက်နိုင်ခြေကို ထည့်သွင်းစဥ်းစားတယ်ဆိုတာ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်မတို့ အကြိမ်အချို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ လေထဲကနေ ကူးစက်တာမျိုး ခိုင်မာတဲ့ ဒါမှမဟုတ် ရှင်းလင်းတဲ့ အထောက်အထားတောင် မရှိခဲ့ပါဘူး" လို့ WHO ရဲ့ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂရန်ဇီက ပြောခဲ့ကြောင်း New York Times က ကိုးကားဖော်ပြထားပါတယ်။

နောက်ဆက်တွဲသတင်း


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က