ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ရန် လူတွေရဲ့ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီတစ်ခုက စမ်းသပ်လေ့လာနေဆဲ COVID-19 ကာကွယ်ဆေးတစ်မျိုးကို လူတွေမှာ ပထမဆုံးအကြိမ် စမ်းသပ်ကြည့်ခဲ့ရာ အလားအလာကောင်းတဲ့ အစောပိုင်းရလဒ်များ တွေ့ရှိရကြောင်း မေ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: Getty Images)

အဆိုပါ ကာကွယ်ဆေးက COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ရန် လူတွေရဲ့ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးနိုင်တယ်လို့ ကုမ္ပဏီကဆိုပါတယ်။ ၎င်းတို့ ထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး mRNA-1273 ဟာ ပထမဆုံး စမ်းသပ်ခဲ့တဲ့ လူရှစ်ဦးထံမှာ ကိုယ်ခံအားစနစ် တုံ့ပြန်မှုတစ်ခုကို ထုတ်လုပ်ခဲ့ကြောင်း မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ချ်မြို့အခြေစိုက် Moderna Therapeutics ဇီဝနည်းပညာကုမ္ပဏီက ပြောပါတယ်။



အဆိုပါ ကိုယ်ခံအားစနစ် တုံ့ပြန်မှုဟာ အမှန်တစ်ကယ် ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေမှာနဲ့ အလားတူဖြစ်တယ်လို့ ဆိုပါတယ်။ Moderna ရဲ့ ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ပေးနိုင်ခြင်းရှိ မရှိ ပိုမိုများပြားတဲ့ စမ်းသပ်မှုများဖြင့် သိရှိနိုင်မှာဖြစ်ပြီး ဇူလိုင်လမှာ စမ်းသပ်မှုတွေ စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

(Photo: AP)

ယခု တွေ့ရှိရတဲ့ ပထမအဆင့် စမ်းသပ်မှုအချက်အလက်က mRNA-1273 ဟာ COVID-19 ရောဂါကို ကာကွယ်တဲ့ အလားအလာရှိကြောင်း Moderna ရဲ့ ဆေးပညာဆိုင်ရာ အရာရှိချုပ် Tal Zaks က ပြောပါတယ်။ mRNA-1273 ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇ (genetic code) အနည်းငယ်မျှဖြစ်ပြီး ၎င်းကို လူနာထံ ထိုးပေးခဲ့ခြင်းဖြစ်ပြီး လူနာဟာ ကူးစက်ခံရမှု သို့မဟုတ် COVID-19 ရောဂါလက္ခဏာဖြစ်ပွားမှုတွေ မဖြစ်စေနိုင်ပါဘူး။

သို့သော် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထံမှ တုံပြန်မှုရှိလာရန် အစပြုပေးနိုင်တယ်လို့ သိရပါတယ်။ Moderna က ထုတ်လုပ်ထားတဲ့ mRNA-1273 ကာကွယ်ဆေး စမ်းသပ်မှုတွေကို အမေရိကန် National Institutes of Health (NIH) လက်အောက်ရှိ National Institute of Allergy and Infectious Diseases (NIAID) က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(Photo: Alex Hogan/STAT)

စမ်းသပ်မှုရဲ့ အစောပိုင်းရလဒ်များအရ ကာကွယ်ဆေးဟာ လူ့ခန္ဓာကိုယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းများ ထုတ်လုပ်မှုရှိလာစေကြောင်း တွေ့ရှိခဲ့ပါတယ်။ ယခုတွေ့ရှိမှုက mRNA-1273 ကာကွယ်ဆေးဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီး COVID-19 ရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင်မယ့် အလားအလာကောင်းလို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းမှာ တရုတ်သုတေသီတွေက COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2 - severe acute respiratory syndrome coronavirus 2) ရဲ့ genetic sequence ကို ထုတ်ပြန်ခဲ့ပြီးနောက် Moderna က ၄၂ ရက်အတွင်း ကာကွယ်ဆေးကို ဖန်တီးထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

(Photo: Reuters)

ထို့နောက် မတ်လ ၁၆ ရက်နေ့က မိမိတို့ သဘောဆန္ဒအလျောက် ကာကွယ်ဆေးစမ်းသပ်ခံသူ ၄၅ ဦးကို ဆီယက်တဲလ်မြို့ရှိ Kaiser Permanente Washington Health Research Institute မှာ NIAID ရဲ့ အစီအစဥ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်း ၈၀ ဝန်းကျင်က အလျင်အမြန် စမ်းသပ်လေ့လာနေ ထုတ်လုပ်နေဆဲ ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။ ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို မျောက်တွေမှာ စမ်းသပ်ခဲ့ရာ ရောဂါကာကွယ်ခဲ့တယ်လို့ မေ ၁၄ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။

(Photo: BBC)

အောက်စ်ဖို့တက္ကသိုလ်ရဲ့ ChAdOx1 nCoV-19 ကာကွယ်ဆေးကို Rhesus macaque မျောက်ခြောက်ကောင်မှာ စမ်းသပ်ခဲ့ရာ COVID-19 ရောဂါ ကာကွယ်နိုင်ခဲ့ကြောင်းနဲ့ လူတွေကို ထိုးနှံစမ်းသပ်နေဆဲ ကာကွယ်ဆေးအတွက် မျှော်လင့်ချက်ကောင်းလည်း အမေရိကန်နဲ့ ဗြိတိန် သုတေသီတွေက ပြောပါတယ်။ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်မှာ ၎င်းတို့ရဲ့ သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၁,၀၀၀ နဲ့ စမ်းသပ်နေပါတယ်။

ထို့အတူ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး BNT162 ကို လူတွေမှာ စမ်းသပ်ထားပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းအရောက်မှာ လူဦးရေ သန်းနဲ့ချီ ကာကွယ်ဆေးရရှိနိုင်မယ်လို့ ကုမ္ပဏီနှစ်ခုက ပြောထားပါတယ်။ 



Source: AFP, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က