တက်ကြွလှုပ်ရှားသူများနဲ့ နိုင်ငံရေးခေါင်းဆောင်များ ဖမ်းဆီးခံရပါတယ်။

အိန္ဒိယ ဗဟိုအစိုးရက အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လည်ရုပ်သိမ်းလိုက်တဲ့ ကက်ရှ်မီးယားမှာ ဆန္ဒပြသူတွေ သေဆုံးဒဏ်ရာရမှု၊ ဖမ်းဆီးခံရမှုတို့နဲ့တူ မတည်မငြိမ်ဖြစ်နေပြီး ပါကစ္စတန်ကလည်း အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်ကာ တင်းမာမှုမြင့်တက်နေပါတယ်။

(ကက်ရှ်မီးယားမှာ စောင့်ကြပ်နေသည့် အိန္ဒိယတပ်ဖွဲ့ဝင်အချို့) (Photo: AFP)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းလိုက်တဲ့ ကက်ရှ်မီးယားဒေသမှာ ဆန္ဒပြသူတစ်ဦး သေဆုံးပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အာဏာပိုင်တွေက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။ တနင်္လာနေ့ (သြဂုတ် ၅ ရက်) က ကက်ရှ်မီးယားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီးနောက် ဝင်ထွက်သွားလာမှု ပိတ်ပင်ကာ ကာဖျူးအမိန့်ထုတ်ပြန်ထားပါတယ်။



ဆူပူအုံကြွမှုတွေ မဖြစ်ပွားမီ ကာဖျူးအမိန့်ထုတ်ပြန်ခဲ့သည့်တိုင် ကက်ရှ်မီးယားရဲ့ အဓိက မြို့ကြီးဖြစ်တဲ့ Srinagar မြို့မှာ မြို့ခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တဲ့ လူငယ်တစ်ဦး Jhelum မြစ်အတွင်း ခုန်ချသွားခဲ့ပြီး သေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

(ကက်ရှ်မီးယားမှာ စောင့်ကြပ်နေသည့် အိန္ဒိယတပ်ဖွဲ့ဝင်အချို့) (Photo: AFP)

Srinagar မြို့ရဲ့ မြို့ဟောင်းမှာ ဆန္ဒပြလူငယ်တစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ခုက AFP ကို ပြောကြားမှုအရ Srinagar မှာ ဆန္ဒပြရာမှ သေနတ်ဒဏ်ရာနဲ့ အခြား ဒဏ်ရာရခဲ့သူ ခြောက်ဦးထက်မနည်း ဆေးရုံကိုရောက်ခဲ့တယ်လို့ သိရပါတယ်။

ကက်ရှ်မီးယားအရေး တက်ကြွလှုပ်ရှားသူများနဲ့ နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်တွေက Press Trust of India သတင်းဌာနကို ပြောပါတယ်။ ထို့အတူ ဂျမူးနဲ့ကက်ရှ်မီးယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းတွေဖြစ်ကြတဲ့ Mehbooba Mufti နဲ့ Omar Abdullah တို့နဲ့အတူ ဒေသခံပါတီခေါင်းဆောင် Sajad Lone တို့ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ပြီးနောက် ၎င်းတို့ကို ဧည့်ဂေဟောတစ်ခုသို့ အာဏာပိုင်တွေက ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

(အိန္ဒိယဝန်ကြီးချုပ် မိုဒီ) (Photo: AFP)

အိန္ဒိယက မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်လိုက်ခြင်းကို တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံက သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို ဆိုင်းငံ့ထားလိုက်ပါတယ်။ ပါကစ္စတန်က အိန္ဒိယရဲ့ အထူးကော်မရှင်နာကိုလည်း နိုင်ငံမှ နှင်ထုတ်လိုက်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ ဒေလီမြို့မှာရှိတဲ့ ကျွန်တော်တို့ သံအမတ်ကြီးကို ပြန်ခေါ်မှာပါ၊ သူတို့ရဲ့ သံတမန်ကိုလည်း ပြန်သွားခိုင်းမှာပါ" လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက်မှာ ပြောပါတယ်။ ပါကစ္စတန်အစိုးရကလည်း အိန္ဒိယနဲ့ နှစ်နိုင်ငံကုန်သွယ်မှုကို ဆိုင်းငံ့သွားမှာဖြစ်ပြီး သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

(ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်း) (Photo: AFP)

အမေရိကန်နိုင်ငံကတော့ ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား တိုက်ရိုက်ဆွေးနွေးကြရန် ထောက်ခံပြောကြားထားပါတယ်။ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုတွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယအစိုးရက သောကြာနေ့ (သြဂုတ် ၂ ရက်) မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် တင်းမာမှုတွေ မြင့်တက်နေခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထိုသို့ သတိပေးချက် ထုတ်ပြန်မှုကြောင့် ကက်ရှ်မီးယားမှာရှိနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အလုပ်သမားတွေ အပါအဝင် ထောင်နဲ့ချီပြီး ထွက်ခွာသွားခဲ့ကြပါတယ်။ ပါကစ္စတန်ကတော့ တိုက်ခိုက်မှုတွေဖြစ်လာနိုင်ကြောင်း အိန္ဒိယရဲ့ အခိုင်အမာ သတိပေးပြောဆိုမှုတွေကို ပယ်ချထားကြောင်း သိရပါတယ်။

(ကက်ရှ်မီးယားမှာ စောင့်ကြပ်နေသည့် အိန္ဒိယတပ်ဖွဲ့ဝင်အချို့) (Photo: AFP)

အိန္ဒိယနဲ့ပါကစ္စတန်တို့က မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး ပြောဆိုမှုတွေရှိပါတယ်။ သို့သော် အဆိုပါဒေသရဲ့ မတူညီတဲ့ နယ်မြေအစိတ်အပိုင်းတွေကို တစ်နိုင်ငံစီက ထိန်းချုပ်ထားပြီး အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအဖြစ် ရှိနေခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ဖူးပြီး တစ်ကြိမ်ကတော့ ကက်ရှ်မီးယားအရေးကြောင့် ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က