သုံးနှစ်ကြာ သင်ကြားရမယ့် ဘွဲ့သင်တန်းကို ကိုးလအတွင်းဖြင့်သာ သင်ယူပြီးမြောက်တော့မှာ ဖြစ်ပါတယ်။
Ko John

နယ်သာလန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှာ ကွန်ပျူတာနည်းပညာဆိုင်ရာ ပရော့ဂျက်တစ်ခုကို လုပ်ဆောင်နေတဲ့ ဘယ်ဂျီယံလူမျိုး အသက် ၉ နှစ်သားက မကြာမီ ကမ္ဘာ့အသက်အငယ်ဆုံး တက္ကသိုလ်ဘွဲ့ရတစ်ဦး ဖြစ်လာတော့မယ်လို့ သိရပါတယ်။

(Photo: Kenzo Tribouillard/AFP)

အိုင်ကျူအမှတ် ၁၄၅ ရှိတဲ့ ထိုကလေးငယ်ဟာ Eindhoven University of Technology မှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုကို ပုံတူကူးယူမယ့် ကွန်ပျူတာဆားကစ်တစ်ခုကို တီထွင်နေပါတယ်။ "ကျွန်တော်တို့လုပ်ဆောင်နေတာက အာရုံခံဆဲလ်တွေကို နေရာချထားပြီး ဆက်သွယ်မှုတွေလုပ်ပြီးတော့ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုမှာ ဆေးဝါးကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာ သိဖို့ပါ" လို့ ၎င်းကဆိုပါတယ်။

လောရင့်ဆိုင်မွန်စ် အမည်ရှိ ၉ နှစ်သားလေး လုပ်ဆောင်နေတဲ့ brain-on-chip ပရော့ဂျက်ဟာ ဇီဝဆေးပညာနဲ့ လျှပ်စစ်အင်ဂျင်နီယာ နယ်ပယ်တို့ကို ပေါင်းစပ်ခြင်းလို့လည်း သိရပါတယ်။ အဆိုပါ ဘယ်ဂျီယံလူမျိုး ဉာဏ်ကြီးရှင်လေးက လာမယ့် ဒီဇင်ဘာလမှာ Eindhoven University of Technology ကနေ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိတော့မှာ ဖြစ်ပါတယ်။

(Photo: Reuters)

"ကျွန်တော် ပါရဂူဘွဲ့ဆက်ယူဖို့နဲ့ ဆေးပညာကိုလည်း နည်းနည်းလေ့လာဖို့ စီစဥ်နေပါတယ်၊ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ အားလပ်ရက်ပေါ့" လို့ ဘွဲ့လွန်ဆက်တက်မယ့် ၎င်းရဲ့ အစီအစဥ်ကို ပြောပါတယ်။ ဘယ်ဂျီယံမှာ မွေးဖွားခဲ့ပြီး လက်ရှိ နယ်သာလန်မှာ နေထိုင်လျက်ရှိတဲ့ ၉ နှစ်သား‌‌‌လေး လောရင့်က အထက်တန်းကျောင်းကို တစ်နှစ်အတွင်းမှာ ပြီးမြောက်ခဲ့ပါတယ်။

ထို့နောက် တက္ကသိုလ်တက်ရောက်ခဲ့ရာ သုံးနှစ်ကြာ သင်ကြားရမယ့် ဘွဲ့သင်တန်းကို ကိုးလအတွင်းဖြင့်သာ အံ့အားသင့်ဖွယ် သင်ယူပြီးမြောက်တော့မှာလည်း ဖြစ်ပါတယ်။ "ပါမောက္ခတွေအားလုံးက လောရင့် ဒီတက္ကသိုလ်မှာရှိနေလို့ တစ်ကယ် ဂုဏ်ယူကြတယ်၊ ကျွန်တော်တို့အတွက် ဒါက အမှန်တစ်ကယ်ကို တစ်မူထူးခြားတဲ့ အခြေအနေတစ်ရပ်ပဲလေ၊ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ တွေ့ဖူးခဲ့သမျှ အသက်အငယ်ဆုံး တက္ကသိုလ်ကျောင်းသားပဲ" လို့ တက္ကသိုလ်မှ တာဝန်ရှိသူ Sjoerd Hulshof က ပြောပါတယ်။

(Photo: Kenzo Tribouillard/AFP)

"သူ ဉာဏ်ဘယ်လောက်ပြေးတယ်ဆိုတာ ကျွန်တော်တို့ သူ့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲ စိတ်ကူးမကြည့်နိုင်ဘူး၊ သူက ကျွန်တော်တို့ တွေ့ဖူးသမျှ အတော်ဆုံး ကျောင်းသားထက် သုံးဆလောက် ပိုတော်တာဖြစ်နိုင်တယ်" လို့ Sjoerd Hulshof က ဆိုပါတယ်။ လောရင့်ဟာ တက္ကသိုလ်မတက်ခင်က ခွေးလေးနဲ့အတူ လမ်းလျှောက်ခြင်း၊ Minecraft နဲ့ Fortnite ဗီဒီယိုဂိမ်းကစားခြင်းနဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံတင်ခြင်းတို့ လုပ်လေ့ရှိပါတယ်။

လောရင့်က ဆာဘီးယား-အမေရိကန်လူမျိုး တီထွင်သူ နီကိုလာတက်စ်လာကို အားကျအတုယူပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းအတုများကို သုတေသနပြုလုပ်ကာ ၎င်းရဲ့ကိုယ်ပိုင်ဓာတ်ခွဲခန်းမှာ ခန္ဓာကိုယ်အတုတစ်ခုလုံးကို တီထွင်ဖန်တီးရန် စီစဥ်ထားတယ်လို့ ဆိုပါတယ်။ ၎င်းရဲ့ အဘိုးအဘွားတွေဟာ နှလုံးရောဂါ လူနာများဖြစ်တာကြောင့် ထိုသို့ ကိုယ်အင်္ဂါအစိတ်အပိုင်းအတုတွေကို သုတေသနလုပ်ရန် ရွေးချယ်ထားကြောင်းလည်း လောရင့်က ပြောပါတယ်။

(မိဘတွေနဲ့အတူတွေ့ရသည့် လောရင့်) (Photo: Kenzo Tribouillard/AFP)

လောရင့်ကို ကမ္ဘာတစ်ဝှမ်းမှ တက္ကသိုလ်အများအပြားက ကမ်းလှမ်းထားမှုတွေရှိနေပြီး အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းဒေသကို လက်ရှိမှာ အနှစ်သက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လောရင့်ရဲ့ဖခင် အလက်ဇန်ဒါကတော့ သားဖြစ်သူရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်းမထုတ်ဝံ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

"သူ အခု လုပ်နေတာက ပညာသင်ယူမှုနဲ့ ကစားနေသလိုပါပဲ၊ ပြီးတော့ ဒါက ကျွန်တော်တို့အတွက် ကောင်းပါတယ်လေ" လို့ လောရင့်ရဲ့ဖခင်က ပြောပါတယ်။ လက်ရှိအချိန်အထိ အသက်အငယ်ဆုံးအရွယ်ဖြင့် ဘွဲ့ရရှိထားသူကတော့ အမေရိကန်လူမျိုး မိုက်ကယ်ကီရာနေးဖြစ်ပြီး ၁၉၉၄ ခုနှစ် ဇွန်လအတွင်းက အသက် ၁၀ နှစ်နဲ့ ၄ လအရွယ်မှာ ဘွဲ့ရခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရ သိရှိရပါတယ်။

Source: Reuters, ABC, New York Post


ဆက်စပ်အကြောင်းအရာများ


က္က