COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၅၄၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇူလိုင် ၈ ရက်နေ့မှာ ၁၂ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpag screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၆ လကျော် ၇ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၂ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၅၄၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်မှာ ကူးစက်ခံရသူ ၁၁ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၆ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ရာ ပျမ်းမျှ တစ်ရက်လျှင် ကူးစက်ခံရသူ ၁၆၆,၀၀၀ ကျော် တိုးလာခဲ့တာတွေ့ရပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ဇူလိုင် ၃ ရက်နေ့မှာ ၅၂၀,၀၀၀ ကျော်ဖြစ်ခဲ့ရာ ခြောက်ရက်အတွင်း ၂၈,၀၀၀ ကျော်တိုးလာပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူဦးရေ ၄,၆၆၆ ဦးနှုန်း သေဆုံးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

(Photo: Cristobal Herrera/EPA)

ထိုအတောအတွင်း ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာလည်း ဇူလိုင် ၈ ရက်နေ့က COVID-19 ကူးစက်ခံရသူ ၃ သန်းကျော်လွန်လာခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၁၃၂,၀၀၀ ကျော် ရှိခဲ့ပါတယ်။

အမေရိကန်ပြီးလျှင် ဘရာဇီးက ကူးစက်ခံရသူ ၁.၆ သန်းကျော်၊ အိန္ဒိယက ၇၆၈,၀၀၀ ကျော်နဲ့ ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဘရာဇီးက COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၆၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

(Photo: Getty Images)

နိုင်ငံအချို့မှာတော့ COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် အာဏာပိုင်တွေက lockdown ပြန်လည် သတ်မှတ်ရမှုတွေလည်း ရှိနေပါတယ်။ ဩစတြေးလျနိုင်ငံမှာတော့ ဗစ်တိုးရီးယားပြည်နယ်အတွင်း ကူးစက်မှုတွေ ပြန်လည် မြင့်တက်နေတာကြောင့် ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့ကို သီတင်းခြောက်ပတ်ကြာ lockdown ပြန်သတ်မှတ်ထားရပါတယ်။

စပိန်နိုင်ငံမှာလည်း ကူးစက်မှုတွေ ပြန်တွေ့လာရတာကြောင့် နေရာဒေသအချို့ကို lockdown ပြန်လုပ်ထားပါတယ်။ နိုင်ငံအသီးသီးက လုပ်ငန်းခွင်နဲ့ လူနေမှုဘဝမှာ ယခင်နဲ့မတူတဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီး ထိုသို့ ဆောင်ရွက်နေမှုဟာ COVID-19 ကာကွယ်ဆေးတစ်ခု ရရှိနိုင်တဲ့အထိ တစ်နှစ် သို့မဟုတ် ပိုမိုကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

(Image: MoHS COVID-19 Dashboard screengrab)

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့က နေ့အလိုက် ကူးစက်မှုအသစ် စံချိန်တင် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇူလိုင် ၈ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၅၀ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၈ ရက် ညပိုင်းအထိ လူဦးရေ ၈၆,၈၂၁ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၁၈၇ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က