အထောက်အထားအသစ် တွေ့ရှိခဲ့ပြီးနောက် Boeing 737 MAX လေယာဉ်အားလုံးကို ပျံသန်းမှုဆိုင်းငံလိုက်ပါတယ်။

အီသီယိုးပီးယား ခရီးသည်တင်လေယာဉ် ပျက်ကျတဲ့နေရာမှာ စုံစမ်းစစ်ဆေးသူတွေက အထောက်အထားအသစ် တွေ့ရှိခဲ့ပြီးနောက် Boeing ကုမ္ပဏီက ကမ္ဘာတစ်ဝှမ်းမှာ 737 MAX အမျိုးအစား လေယာဉ်အားလုံးကို ပျံသန်းမှုဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

အမေရိကန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ Boeing 737 MAX လေယာဉ် ၃၇၁ စီးကို ပျံသန်းမှုဆိုင်းငံ့ထားမယ်လို့ ပြောခဲ့ပါတယ်။ အထောက်အထားအသစ်တွေနဲ့ ဂြိုဟ်တုအချက်အလက်အသစ်တွေအရ Boeing 737 MAX လေယာဉ်အားလုံး ပျံသန်းမှုကို တားမြစ်ထားရန် ဆုုံးဖြတ်စရာဖြစ်လာတယ်လို့ အမေရိကန် Federal Aviation Administration (FAA) ကလည်း ဆိုပါတယ်။

အစောပိုင်းမှာတော့ နိုင်ငံအများအပြားက 737 MAX ကို ပျံသန်းမှုတားမြစ်ခဲ့စဉ် အမေရိကန်မှာ ဆက်လက် ပျံသန်းခွင့်ပြုထားခဲ့ပါသေးတယ်။ အီသီယိုးပီးယားလေကြောင်းလိုင်းမှ (Ethiopian Airlines) မှာ အသုံးပြုနေတဲ့ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်ဟာ မတ်လ ၁၀ ရက်နေ့က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁၅၇ ဦးလုံး သေဆုံးခဲ့ပါတယ်။

(Photo: AP)

အဆိုပါ လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာနဲ့ လေယာဉ်မှူးအခန်းအသံဖမ်းကိရိယာတို့ကို ပြန်ရှာတွေ့ထားပြီး ပြင်သစ်နိုင်ငံသို့ ပို့ဆောင်ကာ စစ်ဆေးသွားမယ်လို့ အီသီယိုးပီးယားလေကြောင်းလိုင်းက ယနေ့ (မတ်လ ၁၄ ရက်) ပြောပါတယ်။

အမေရိကန် FAA အဖွဲ့က လေယာဉ်ပျက်ကျခဲ့တဲ့ နေရာမှာ National Transportation Safety Board အဖွဲ့နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ၎င်းတို့ရဲ့ တွေ့ရှိချက်အရ အီသီယိုးပီးယားလေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုဟာ ယမန်နှစ်က ဖြစ်ပွားခဲ့တဲ့ Lion Air လေယာဉ်ပျက်ကျမှု အခြေအနေနဲ့ အလွန်ဆင်တူနေတယ်လို့ ဆိုပါတယ်။

(Photo: Boeing)

အီသီယိုးပီးယားလေယာဉ် ပျက်မကျမီ ပျံသန်းမှုလမ်းကြောင်းဟာ Lion Air လေယာဉ်ဖြစ်ရပ်တုန်းကနဲ့ အလွန်ဆင်တူတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ ခရီးသည် ၁၄၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါသွားတဲ့ အီသီယိုးပီးယားလေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ်ဟာ ET302 လေကြောင်းခရီးစဉ်အဖြစ် အီသီယိုးပီးယားမြို့တော် အက်ဒစ်အဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းစဉ်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာ လေဆိပ်မှပျံတက်သွားခဲ့ပြီး ၆ မိနစ်မျှအကြာမှာ ပျက်ကျခဲ့ပါတယ်။

Boeing 737 MAX 8 လေယာဉ်တွေဟာ ၂၀၁၆ ခုနှစ်မှစပြီး လေကြောင်းလိုင်းခရီးစဉ်တွေမှာ စတင်ပျံသန်းခဲ့ပါတယ်။ အီသီးယိုးပီးယားလေကြောင်းလိုင်းမှာတော့ ယမန်နှစ် ဇူလိုင်လအတွင်းမှစပြီး အသုံးပြုခဲ့ကြောင်း သိရပါတယ်။

ယမန်နှစ် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း Lion Air လေကြောင်းလိုင်းမှ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအထိ စာရင်းအရ Boeing 737 MAX အစီးရေ ၃၇၆ စီး ထုတ်လုပ်ထားကြောင်း သိရပါတယ်။




Share

Loading Next Article...
က္က