လာဟိုးမြို့မှ ကရာချိမြို့သို့ ပျံသန်းတဲ့ ခရီးသည်တင်လေယာဥ် ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ပြည်တွင်းလေကြောင်းခရီးစဥ်အဖြစ် လာဟိုးမြို့ကနေ ကရာချိမြို့ကို ပျံသန်းတဲ့ ခရီးသည်တင်လေယာဥ် ပျက်ကျခဲ့ရာ လူ ၉၇ ဦး သေဆုံးခဲ့ပြီး နှစ်ဉီး အသက်ရှင်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Pakistan International Airlines - PIA) PK-8303 လေယာဥ်ဟာ ကရာချိလေဆိပ်အနီး ယနေ့ (မေ ၂၂ ရက်) ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်ဟာ လေဆိပ်မှာ ဆင်းသက်ရန်ပြင်ဆင်စဥ် စက်ချို့ယွင်းပြီး ကရာချိမြို့စွန်ရှိ လူနေထူထပ်တဲ့ Model Colony ဧရိယာမှာ အိမ်တွေပေါ်ကို ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ နေရာဟာ ကရာချိမြို့ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ၁ မိုင်ကျော်မျှသာ ဝေးကွာပါတယ်။



ပါကစ္စတန်မီဒီယာမှာ ဖော်ပြမှုအရ လေယာဥ်အရှေ့ပိုင်းမှ ခရီးသည်နှစ်ဦး အသက်ရှင်ခဲ့ကြောင်း သိရပါတယ်။ လေယာဥ်ပျက်ကျခဲ့တဲ့နေရာ မြေပြင်ရှိနေသူတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။ ကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ အဆိုအရ အပျက်အစီးများအောက်မှ လူ ၁၅ ဦးမှ ၂၀ ဦးအထိကို ကယ်ထုတ်ခဲ့ကြောင်း ဒေသခံ Geo News ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြပါတယ်။

(Photo: AFP)

နေအိမ်တွေပေါ်ကို ပျက်ကျသွားတဲ့ Airbus A320 လေယာဥ်ပေါ်မှာ ခရီးသည် ၉၁ ဦးနဲ့ လေယာဥ်အမှုထမ်း ၈ ဦး လိုက်ပါသွားကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ဒေသခံသတင်းဌာနတွေက ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ လူနေဧရိယာတစ်ခုကနေ မီးခိုးများထွက်နေတာ တွေ့ရပါတယ်။

ပါကစ္စတန်သတင်းဝက်ဘ်ဆိုက် DAWN မှာ ဖော်ပြမှုအရ Sindh ဒေသဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီး Syed Nasir Hussain Shah က ကရာချိမြို့ မီးသတ်တပ်ဖွဲ့ကို ကယ်ဆယ်ရေးလုပ်ဆောင်ရန် လေယာဥ်ပျက်ကျတဲ့နေရာသို့ စေလွှတ်ထားကြောင်း သိရပါတယ်။ ပါကစ္စတန်စစ်တပ်ရဲ့ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေးတပ်ဖွဲ့ကလည်း ကယ်ဆယ်ရေးဝန်ထမ်းတွေကို ကူညီပေးရန် လေယာဥ်ပျက်ကျတဲ့နေရာကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

(Photo: AP)

ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်မှာ လေယာဥ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ကြောင်းနဲ့ လေယာဥ်ပျက်ကျရတဲ့ အကြောင်းရင်းကို ပြောရန် စောလွန်းနေသေးကြောင်း PIA ပြောခွင့်ရအမျိုးသားက ကနဦး ပြောခဲ့ပါတယ်။ Geo News က ဖော်ပြရာမှာတော့ ကရာချိလေဆိပ်မှာ လေယာဥ်ဆင်းသက်ရန် ပြေးလမ်းနှစ်ခုလုံး အဆင်သင့်ဖြစ်နေကြောင်း PK-8303 လေယာဥ်မှူးကို ပြောခဲ့ကြောင်း၊ သို့သော် လေဆိပ်သို့ မဆင်းသက်မီ စက်ချို့ယွင်းမှုဖြစ်ခဲ့ကြောင်း PIA စီအီးအို လေတပ်ဗိုလ်ချုပ်ကြီး Arshad Malik က ပြောခဲ့တယ်လို့ သိရပါတယ်။

ပါကစ္စတန်လေယာဥ်ပျက်ကျမှုအချို့

  • ၂၀၁၀ ခုနှစ်အတွင်း ပါကစ္စတန် ပုဂ္ဂလိကလေကြောင်းလိုင်း Airblue ရဲ့ လေယာဥ်တစ်စီး အစ္စလာမ်မာဘတ်မြို့အနီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၁၅၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ ထိုလေယာဥ်ပျက်ကျမှုဟာ ပါကစ္စတန်သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ 
  • ၂၀၁၂ ခုနှစ်က ပါကစ္စတန် Bhoja Air လေကြောင်းလိုင်းမှ Boeing 737-200 လေယာဥ်တစ်စီး ရာသီဥတုဆိုးရွားနေစဥ်အတွင်း Rawalpindi မြို့မှာ ဆင်းသက်စဥ် ပျက်ကျခဲ့ရာ ခရီးသည် ၁၂၁ ဦးနဲ့ လေယာဥ်အမှုထမ်းခြောက်ဦး သေဆုံးခဲ့ပါတယ်။
  • ၂၀၁၆ ခုနှစ်အတွင်း ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Pakistan International Airlines - PIA) လေယာဥ်ဟာ နိုင်ငံမြောက်ပိုင်းမှ အစ္စလာမ်မာဘတ်သို့ ပျံသန်းလာစဥ် ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၄၇ ဦး သေဆုံးခဲ့ပါတယ်။

နောက်ဆက်တွဲသတင်း


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က