လေယာဥ်ပျက်ကျမှုအတွင်း လိုက်ပါလာသူ လူ ၉၉ ဦးအနက် နှစ်ဦးသာ အသက်ရှင်ကျန်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မေ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက လာဟိုးမြို့မှ ကရာချိမြို့သို့ ပျံသန်းလာတဲ့ Airbus A320 ခရီးသည်တင်လေယာဥ်တစ်စီး ကရာချိလေဆိပ်အနီး လူနေထူထပ်ရာနေရာရှိ နေအိမ်များပေါ်ကို ပျက်ကျခဲ့ပါတယ်။

ကျွန်တော် သတိပြန်ရလာချိန်မှာ မြင်ရတဲ့နေရာတိုင်း မီးတွေချည်းပဲ


(Photo: NEWS.CN)

ခရီးသည် ၉၁ ဦးနဲ့ လေယာဥ်အမှုထမ်း ၈ ဦး လိုက်ပါခဲ့တဲ့ ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Pakistan International Airlines - PIA) မှ PK-8303 လေယာဥ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ PK-8303 လေယာဥ်ဟာ ကရာချိမြို့ရှိ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ရန်ပြင်ဆင်နေခဲ့စဥ် စက်ချို့ယွင်းမှုဖြစ်ပေါ်ကြောင်း လေယာဥ်မှူးက သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် အကူအညီတောင်းခံတဲ့ ရေဒီယိုဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံမီဒီယာ ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်မှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် lockdown လုပ်ထားခဲ့ရာမှ စီးပွားဖြစ်လေကြောင်းခရီးစဥ်ပျံသန်းမှုများ ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခု လေယာဥ်ပျက်ကျမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

(အသက်ရှင်ကျန်သူ ဇူဘီယာ) (Photo: AP)

လေယာဥ်ပျက်ကျမှုအတွင် ခရီးသည်နှစ်ဦးသာ အလွန်ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ခဲ့ပြီး အခြား လိုက်ပါလာသူ ၉၇ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ လေယာဥ်ပေါ်မှာ လိုက်ပါလာသူအနက် အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇန် (ဥပုသ်) လအပြီး မေ ၂၄ ရက် အီးဒ်နေ့မတိုင်မီ ခရီးထွက်လာကြတဲ့ မိသားစုအများအပြားလည်း ပါဝင်ခဲ့ကြပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ ခရီးသည်နှစ်ဦးမှ တစ်ဦးဖြစ်သူ မိုဟမ်မက်ဇူဘီယာ (Muhammad Zubair) က ထိတ်လန့်ကြောက်ရွံ့ဖွယ် လေယာဥ်ပျက်ကျမှု အတွေ့အကြုံကို ပြန်လည်ဖွင့်ဟ ပြောခဲ့ပါတယ်။ ဇူဘီယာက လေယာဥ်ပျက်ကျပြီး ၎င်း မြင်နိုင်ခဲ့ရသမျှဟာ မီးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဇူဘီယာဟာ လေယာဥ်ပျက်ကျမှုအတွင်း မပြင်းထန်တဲ့ အသေးစား ဒဏ်ရာများသာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ကလေး လူကြီး အော်ဟစ်ငိုယိုသံတွေ ကြားရတယ်၊ အော်ဟစ်ငိုသံတွေက နေရာတိုင်းပဲ

(Photo: Fareed Khan/AP)

လေယာဥ်ဟာ ဆင်းသက်ရန်ကြိုးပမ်းခဲ့ပြီးနောက် ၁၀ မိနစ်-၁၅ မိနစ်အကြာမှာ ပျက်ကျခဲ့တယ်လို့ ဇူဘီယာက ပြောပါတယ်။ "လေယာဥ် ပျက်ကျရတဲ့အကြောင်းရင်းကို ဘယ်သူမှ မသိသေးပါဘူး၊ လေယာဥ်က ချောချောမွေ့မွေ့ပဲ ပျံသန်းလာခဲ့တာပါ၊ နောက် လေယာဥ်ပျက်ကျပြီးတော့ ကျွန်တော် သတိပြန်ရလာချိန်မှာ မြင်ရတဲ့နေရာတိုင်း မီးတွေချည်းပဲ၊ ဘယ်သူ့ကိုမှလည်း မမြင်ခဲ့ရဘူး" လို့ ဇူဘီယာက ၎င်းရဲ့အဖြစ်ကို ဖွင့်ဟခဲ့ပါတယ်။

"ကလေး လူကြီး အော်ဟစ်ငိုယိုသံတွေ ကြားရတယ်၊ အော်ဟစ်ငိုသံတွေက နေရာတိုင်းပဲ၊ ပြီးတော့ လူတိုင်းက အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားနေခဲ့ကြတယ်၊ ကျွန်တော်လည်း ထိုင်ခုံခါးပတ်ဖြုတ်ပြီး အလင်းရောင်နည်းနည်းမြင်ရတဲ့ဘက်ကို လမ်းလျှောက်သွားဖို့ ကြိုးစားခဲ့ရတယ်၊ ဘေးကင်းရာရောက်ဖို့ ၁၀ ပေအကွာလောက်ကို သွားခဲ့တယ်" လို့ ဇူဘီယာက ကြောက်လန့်တုန်လှုပ်စရာ ၎င်းရဲ့ အတွေ့အကြုံကို ပြောခဲ့ပါတယ်။

(အသက်ရှင်ကျန်သူ ဇာဖာမာဆွတ်) (Photo: SNS)

၎င်းဟာ မီးလောင်ဒဏ်ရာ အပါအဝင် မပြင်းထန်တဲ့ ဒဏ်ရာများခဲ့ပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်သူ နောက်တစ်ဦးမှာ Bank of Punjab ဥက္ကဌ ဇာဖာမာဆွတ် (Zafar Masud) ဖြစ်ကြောင်း PIA လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ PK-8303 ခရီးသည်တင်လေယာဥ် ပျက်ကျရတဲ့ အကြောင်းရင်းကို ယနေ့ (မေ ၂၄ ရက်) အစောပိုင်းအထိ အတိအကျ မသိရသေးပါဘူး။

အလင်းရောင်နည်းနည်းမြင်ရတဲ့ဘက်ကို လမ်းလျှောက်သွားဖို့ ကြိုးစားခဲ့ရတယ်၊ ဘေးကင်းရာရောက်ဖို့ ၁၀ ပေအကွာလောက်ကို သွားခဲ့တယ်

လေယာဥ်ပျံသန်းမှု အချက်အလက်နဲ့ လေယာဥ်မှူးအခန်းတွင်း အသံဖမ်းစက်ပါဝင်တဲ့ မှတ်တမ်းတင်ကိရိယာ (Black Box) ကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း လေကြောင်းလိုင်း ပြောခွင့်ရအမျိုးသားက မေ ၂၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။ "Black Box ကို မေ ၂၂ ရက် ညပိုင်းလောက်မှာ ပြန်ရှာတွေ့ခဲ့ပါတယ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှဲပြောင်းပေးသွားမှာပါ" လို့ PIA ပြောခွင့်ရအမျိုးသား အဗ္ဗဒူလာခန်းက ဆိုပါတယ်။

ပါကစ္စတန်လေယာဥ်ပျက်ကျမှုအချို့

  • ၂၀၁၀ ခုနှစ်အတွင်း ပါကစ္စတန် ပုဂ္ဂလိကလေကြောင်းလိုင်း Airblue ရဲ့ လေယာဥ်တစ်စီး အစ္စလာမ်မာဘတ်မြို့အနီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၁၅၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ ထိုလေယာဥ်ပျက်ကျမှုဟာ ပါကစ္စတန်သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ 
  • ၂၀၁၂ ခုနှစ်က ပါကစ္စတန် Bhoja Air လေကြောင်းလိုင်းမှ Boeing 737-200 လေယာဥ်တစ်စီး ရာသီဥတုဆိုးရွားနေစဥ်အတွင်း Rawalpindi မြို့မှာ ဆင်းသက်စဥ် ပျက်ကျခဲ့ရာ ခရီးသည် ၁၂၁ ဦးနဲ့ လေယာဥ်အမှုထမ်းခြောက်ဦး သေဆုံးခဲ့ပါတယ်။
  • ၂၀၁၆ ခုနှစ်အတွင်း ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Pakistan International Airlines - PIA) လေယာဥ်ဟာ နိုင်ငံမြောက်ပိုင်းမှ အစ္စလာမ်မာဘတ်သို့ ပျံသန်းလာစဥ် ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၄၇ ဦး သေဆုံးခဲ့ပါတယ်။

Source: BBC, AFP, The Guardian


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က