စတူဒီယို အဆောက်အအုံကို ဓာတ်ဆီးများဖြန်းပက်ကာ မီးရှို့ခဲ့ပါတယ်။

ဂျပန်မှာ ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးဆုံး အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်လာခဲ့တဲ့ အန်နီမေးရှင်းစတူဒီယို မီးရှို့ခံရမှုဖြစ်ရပ်မှ မီးရှို့သူအဖြစ် သံသယရှိသူ အမျိုးသားဟာ အဆိုပါ စတူဒီယိုက ၎င်းရဲ့ဝတ္ထုကို ခိုးယူကူးချခဲ့တယ်လို့ ယုံကြည်ခဲ့တာကြောင့် ထိုသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ မီဒီယာက ဇူလိုင် ၁၉ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

(Photo: Xinhua/News.cn)

ထိုအမျိုးသားက အနည်းဆုံး ဓာတ်ဆီပုံးတစ်ပုံးပါတဲ့ လက်တွန်းလှည်းကို ကျိုတိုမြို့ရှိ Kyoto Animation စတူဒီယို ဝင်ပေါက်နေရာသို့ တွန်းယူလာခဲ့ပြီးနောက် စတူဒီယို အဆောက်အအုံကို ဓာတ်ဆီးများဖြန်းပက်ကာ 'သေကြ' လို့ အော်ဟစ်ပြီး မီးရှို့ခဲ့ကြောင်း Nippon TV က ရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြောခဲ့ပါတယ်။


ဇူလိုင် ၁၈ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အန်နီမေးရှင်စတူဒီယို မီးရှို့ခံရပြီး မီးလောင်မှုကြောင့် လူ ၃၃ ဦး သေဆုံးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၁၀ ဦး အပါအဝင် အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က Kyoto Animation ကုမ္ပဏီပိုင် အန်နီမေးရှင်းစတူဒီယိုကို မီးရှို့ခဲ့ကြောင်း သံသယရှိသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းဟာ အသက် ၄၁ နှစ်အရွယ် Shinji Aoba ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

Shinji Aoba ကို ဖမ်းဆီးခဲ့စဉ် ၎င်းက စတူဒီယိုကို မီးရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့တယ်လို့ Kyodo News သတင်းဌာနက ပြောပါတယ်။ Kyodo News က ဖော်ပြမှုအရ အန်နီမေးရှင်းစတူဒီယိုက ၎င်းရဲ့ဝတ္ထုကို ခိုးယူကူးချခဲ့တယ်လို့ ယုံကြည်ခဲ့တာကြောင့် မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ Shinji Aoba က ပြောခဲ့ကြောင်း သိရပါတယ်။

Shinji Aoba ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုရှိပြီး စတိုးဆိုင်းတစ်ဆိုင်ကနေ ပိုက်ဆံခိုးယူမှုဖြင့် ထောင်ဒဏ်သုံးနှစ်ခွဲ ကျခံခဲ့ရဖူးတယ်လို့ အခြား ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ NHK က ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ ထိုသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ထားပါတယ်။ စတူဒီယိုကို မီးရှို့ခဲ့ကြောင်း သံသယရှိသူဟာ ၎င်းကိုယ်တိုင် မီးလောင်ဒဏ်ရာများရခဲ့တာကြောင့် လက်ရှိမှာ မေ့ဆေးပေးထားရပြီး ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးမေးမြန်းမှု မလုပ်နိုင်သေးကြောင်း Nippon TV သတင်းက ဖော်ပြပါတယ်။

(Photo: AFP/Jiji Press)

"သူက မကျေမနပ် ဖြစ်နေခဲ့ပုံရတယ်၊ သူ ဒေါသထွက်နေတယ်၊ သူ ဘယ်လို ခိုးယူကူးချခံရတယ်ဆိုတဲ့အကြောင်း တစ်ခုခုကို အော်ဟစ်ပြောဆိုနေခဲ့တယ်" လို့ Shinji Aoba ကို ဖမ်းဆီးခဲ့စဉ် တွေ့ရှိခဲ့သူ အမျိုးသမီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Shinji Aoba ဟာ ၂၀ လီတာဝင် ပုံးနှစ်ခုကို ကုန်မာပစ္စည်းအရောင်းဆိုင်ကနေ ဝယ်ယူခဲ့ပြီးနောက် စတူဒီယိုအနီးမှာပင် ဓာတ်ဆီများထည့်ကာ မီးရှို့ရန်ပြင်ဆင်ခဲ့တယ်လို့ Nippon TV ပြောပါတယ်။ ၎င်းဟာ စတူဒီယိုရှိတဲ့နေရာကို ရထားဖြင့်လာရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့စဉ် စတူဒီယို အဆောက်အအုံအတွင်း လူ ၇၄ ဦးရှိနေခဲ့ကြောင်း Kyodo News က ဖော်ပြထားပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံအတွင်း အလိုအလျောက် ရေးဖြန်းစနစ် သို့မဟုတ် မီးသတ်ရေပိုက်ခေါင်း မရှိထားဘူးလို့ ကျိုတိုမီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအနက် ၁၉ ဦးရဲ့အလောင်းတွေကို အဆောက်အအုံ တတိယထပ်မှ ခေါင်းမိုးပေါ်သို့ တက်ရောက်နိုင်တဲ့ လှေခါးပေါ်မှာ စုပြုံထပ်လျက် တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး Kyodo News က သတင်းဖော်ပြခဲ့ပါတယ်။

စတူဒီယို အဆောက်အအုံခေါင်မိုးပေါ်သို့ ထွက်ပေါ်တံခါးကို ပိတ်ထားခဲ့ပြီး ထိုတံခါးဟာ အပြင်ကနေပဲ ဖွင့်နိုင်တာမျိုးဖြစ်နေတယ်လို့လည်း သိရပါတယ်။ သေဆုံးခဲ့သူတွေဟာ မီးလောင်မှုကနေ လွတ်မြောက်နိုင်ရန် ခေါင်မိုးပေါ်ကို လှေခါးမှတစ်ဆင့် အလျင်အမြန် ထွက်ပြေးခဲ့ကြပုံရပြီး တံခါးမဖွင့်နိုင် ဖြစ်ခဲ့တယ်လို့ Kyodo News က ပြောပါတယ်။

(Photo: Kyoto Animation)

ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စတူဒီယို မီးလောင်မှုဟာ ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းအထိ မငြိမ်းသေးဘူးလို့ဆိုပါတယ်။ Kyoto Animation ကုမ္ပဏီရဲ့ စတူဒီယိုဟာ ကျိုတိုမြို့လယ်မှ ရထားဖြင့် မိနစ် ၂၀ ခန့် သွားရောက်ရတဲ့ ဆင်ခြေဖုံး ဆိတ်ငြိမ်အရပ်မှာ တည်ရှိပါတယ်။

Kyoto Animation က Sound! Euphonium ကဲ့သို့ အောင်မြင်တဲ့ အန်နီးမေးရှင်း ဇာတ်လမ်းတွဲတွေကို ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံမှာ ယခုဖြစ်ရပ်မတိုင်မီ အဆိုးဆုံး လူအစုအပြုံလိုက်သတ်မှုမှာ ၂၀၀၁ ခုနှစ်က တိုကျိုမြို့ရှိ အဆောက်အအုံကို သံသယဖြစ်ဖွယ် မီးရှို့တိုက်ခိုက်မှုဖြစ်ပြီး လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က