စမ်းသပ်မှုအတွင်း ပါဝင်ခဲ့သူ ၄၅ ဦးလုံးထံမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းများ ထွက်ရှိလာစေခဲ့ပါတယ်။

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးက လူတွေနဲ့စမ်းသပ်မှုအတွင်း ပါဝင်ခဲ့သူ ၄၅ ဦးလုံးထံမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းများ ထွက်ရှိလာစေခဲ့ကြောင်း ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ စာတမ်းတစ်ခုက ဖော်ပြပါတယ်။

(Photo: AP)

လူတွေနဲ့စမ်းသပ်မှု ပထမအဆင့်ရဲ့ ကြားဖြတ်ရလဒ်တွေကို Moderna က မေလအတွင်း ထုတ်ပြန်ခဲ့ဖူးပြီး ထိုစဥ်ကလည်း ကာကွယ်ဆေးဟာ ပါဝင်စမ်းသပ်ခံသူ ရှစ်ဦးထံမှာ ဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ကိုယ်ခံအားစနစ် ဖြစ်ပေါ်စေခဲ့ကြောင်း ပြောထားခဲ့ပါတယ်။ Moderna ရဲ့ ကာကွယ်ဆေး စမ်းသပ်မှုရလဒ်တွေက အားတက်စရာဖြစ်ကြောင်းနဲ့ ကမ္ဘာ့သိပ္ပံပညာရှင်အသိုင်းအဝိုင်းက အလုံးစုံ လေ့လာမှုပြုလုပ်ရန် စိတ်အားထက်သန်စွာ စောင်မျှော်နေကြောင်း အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က ဆိုပါတယ်။ ယခုအခါ ဇီဝနည်းပညာကုမ္ပဏီ Moderna က လူ ၆၀၀ ပါဝင်တဲ့ နောက်တစ်ဆင့် လူတွေနဲ့စမ်းသပ်မှုကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။



(Photo: Moderna)

Moderna ကာကွယ်ဆေး လူတွေနဲ့စမ်းသပ်မှုရလဒ် စာတမ်းကို New England Journal of Medicine မှာ ဖော်ပြခဲ့ကြောင်း AFP သတင်းက ပြောပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်သူ ၄၅ ဦးကို ၁၅ ဦးစီ အုပ်စုသုံးခုခွဲပြီး ၂၅ မိုက်ခရိုဂရမ်၊ ၁၀၀ မိုက်ခရိုဂရမ်နဲ့ ၂၅၀ မိုက်ခရိုဂရမ် ဆေးပမာဏ ထိုးနှံစမ်းသပ်ခဲ့ပါတယ်။ ၎င်းတို့ကို ၂၈ ရက်အကြာမှာ နောက်ထပ်တစ်ကြိမ် ကာကွယ်ဆေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

ပထမတစ်ကြိမ် စမ်းသပ်ပြီးနောက် ပိုများတဲ့ဆေးပမာဏ ထိုးနှံပေးခဲ့သူတွေထံမှာ ပဋိပစ္စည်းပိုများများ တွေ့ရပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက်မှာတော့ ပါဝင်စမ်းသပ်ခံသူတွေထံမှာ COVID-19 ရှိသူ အများစုမှာထက် ပိုများတဲ့ပဋိပစ္စည်းများ ရှိလာခဲ့ပြီး ၎င်းတို့ ခန္ဓာကိုယ်တွင်း ကိုယ်ပိုင်ပဋိပစ္စည်းများ ဆက်လက် ထုတ်လုပ်နေခဲ့တယ်လို့ သိရပါတယ်။

(Photo: Getty Images)

ယခု စမ်းသပ်မှုမှာ ပါဝင်စမ်းသပ်ခံခဲ့သူ ထက်ဝက်ကျော်ဟာ မပြင်းထန်တဲ့ သို့မဟုတ် အတန်အသင့် ဘေးထွက်ဆိုးကျိုး တွေ့ကြုံခဲ့ရပေမဲ့ ထိုသို့ဖြစ်မှုတွေက လူတွေမှာစမ်းသပ်မှုကို ရပ်ဆိုင်းစရာ အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပါဝင်စမ်းသပ်ခံသူ ထက်ဝက်ကျော် တွေ့ကြုံခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းနဲ့ ဆေးထိုးထားတဲ့နေရာမှာ နာကျင်ခြင်းတို့ ပါဝင်ပါတယ်။

"အရေးကြီးတာက ကာကွယ်ဆေးထိုးပြီးနောက် ထွက်ရှိလာတဲ့ ပဋိပစ္စည်းတွေက ဗိုင်းရပ်စ်ကို ရောဂါမဖြစ်စေရန် ထိန်းချုပ်ထားနိုင်တာပါ၊ အခု စမ်းသပ်ခံသူတွေ တွေ့ကြုံရတဲ့ ဘေးထွက်ဆိုးကျိုးတွေက တခြား ကာကွယ်ဆေးတွေ ထိုးပြီးရင်လည်း ဖြစ်တတ်ပါတယ်" လို့ Cardiff တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Andrew Freedman က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က