ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံကို ဆိုက်ရောက်လာခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံရန်အတွက် မာရသွန် ရထားခရီးစဉ် စီးနင်းပြီးနောက် ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

(ဗီယက်နမ်နယ်စပ် ဘူတာရုံကို ရောက်ရှိလာသည့် ကင်မ်ဂျုံအန်) (Photo: AFP/Vietnam News Agency)

ကင်မ်ဂျုံအန်ရဲ့ သံလွင်စိမ်းအရောင် ရထားက မိုင်ပေါင်း ၂,၅၀၀ နီးပါး ခရီးရှည်ကို နှစ်ရက်ခွဲကြာ ခုတ်မောင်းလာခဲ့ပြီးနောက် ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) မှာ ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံကို ဆိုက်ရောက်လာခဲ့ပါတယ်။ အ၉၆၄ ခုနှစ်မှာ ၎င်းရဲ့ အဘိုးဖြစ်သူ ကင်မ်အီလ်ဆွန်းရဲ့ ဗီယက်နမ်ခရီးစဉ်နောက်ပိုင်း ကင်မ်ဂျုံအန်က ဗီယက်နမ်ကိုရောက်ရှိလာတဲ့ ပထဆုံး မြောက်ကိုရီးယားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။



ကင်မ်ဂျုံအန် စီးနင်းလာတဲ့ရထား ဆိုက်ရောက်တဲ့ဘူတာရုံ အနီးတဝိုက်မှာ လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး ဗီယက်နမ်စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေကြကြောင်း သိရပါတယ်။ ဗီယက်နမ်အာဏာပိုင်တွေက Dong Dang ဘူတာရုံမှ ဟနွိုင်းမြို့သို့ ကင်မ်ဂျုံအန်ရဲ့ယာဉ်တန်း ဖြတ်သန်းသွားမယ့် ၁၀၅ မိုင်ရှည်တဲ့ လမ်းမကို အခြား ယာဉ်များဖြတ်သန်းခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ AFP သတင်းက ပြောပါတယ်။

(ဘူတာရုံမှ ထွက်လာစဉ် ကြိုဆိုသူတွေကို လက်ပြနှုတ်ဆက်နေသည့် ကင်မ်ဂျုံအန်) (Photo: AFP/AP)

ဗီယက်နမ်မှာ ကင်မ်ဂျုံအန်နဲ့ ထိပ်သီးတွေ့ဆုံပွဲကို လာရောက်နေတဲ့ အမေရိကန်သမ္မတထရန့်တော့ Air Force One လေယာဉ်ဖြင့် ဟနွိုင်းမြို့ကို ယနေ့ နှောင်းပိုင်းမှာ ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ထရန့်က အလွန်အကျိုးရှိတဲ့ ကင်မ်ဂျုံအန်နဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်နေကြောင်း Twitter မှာ ပြောထားပါတယ်။ 

ထရန့်နဲ့ကင်မ်တို့ဟာ ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ထိုစဉ်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။

(ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်များက လိုက်ပါစောင့်ရှောက်ကြစဉ်) (Photo: AFP/AP)

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

(ကင်မ်ဂျုံအန်ရဲ့ မာရသွန် ရထားခရီးစဉ်) (Infographic: AFP)

ထရန်နဲ့ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံမှုအတွင်း ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာလိမ့်မယ်လို့ ခန့်မှန်းမျှော်လင့်မှုတွေလည်း မြင့်တက်နေကြောင်း သိရပါတယ်။ အမေရိကန်နဲ့မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးတို့ဟာ စစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်ရရှိနိုင်ကြောင်း တောင်ကိုရီးယားက ပြောခဲ့ပြီးနောက် ထိုသို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က