ကိုရီးယားစစ်ပွဲကို ရပ်ဆိုင်းထားခဲ့ပေမဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးပါဘူး။

အမေရိကန်နဲ့မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးတို့ဟာ စစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်ရရှိနိုင်ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် ဗီယက်နမ်မှာပြုလုပ်မယ့် ဒေါ်နယ်ထရန်နဲ့ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံမှုအတွင်း ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ယနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) မြင့်တက်လာပါတယ်။

(ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ သမိုင်းဝင် တွေ့ဆုံခဲ့ကြစဉ်) (Photo: Reuters)

ထိုစစ်ပွဲဟာ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုခဲ့တဲ့ ကွန်မြူနစ်မြောက်ကိုရီးယားနဲ့ အမေရိကန်က အကူအညီပေးခဲ့တဲ့ အရင်းရှင်ဝါဒီ တောင်ကိုရီးယားတို့ကြား အပြင်းအထန် ဖြစ်ပွားခဲ့ပြီး သေကြေပျက်စီးဆုံးရှုံးမှု များပြားကြီးမားခဲ့ပါတယ်။

၁၉၅၃ ခုနှစ်မှာတော့ ကိုရီးယားစစ်ပွဲကို ရပ်ဆိုင်းရန် နှစ်ဖက်သဘောတူညီချက် ရရှိခဲ့ကြပေမဲ့ ယနေ့အချိန်အထိ ငြိမ်းချမ်းရေးစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။ ထိုအခြေအနေအရ တောင်ကိုရီးယားကို ကူညီပေးခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာလည်း စစ်ပွဲကာလအတွင်းမှာရှိနေဆဲလို့ ဆိုနိုင်ပါတယ်။

(ထရန့်နဲ့ကင်မ် ဟနွိုင်းထိပ်သီးတွေ့ဆုံပွဲ အမှတ်တရ သော့ချိတ်များ) (Photo: Reuters)

တောင်ကိုရီးယားသမ္မတ အိမ်ပြာတော် ပြောခွင့်ရပုဂ္ဂိုလ် Kim Eui-kyeom က "ဟနွိုင်းမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ယုံကြည်ပါတယ်" လို့ စစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာနိုင်မှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ "ဘယ်လို ကြေညာချက်မျိုး ထွက်လာမလဲဆိုတာတော့ မသိနိုင်ပါဘူး၊ ဒါပေမဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ သဘောတူညီမှုရနိုင်ဖွယ်ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့လည်း Kim Eui-kyeom က ဖြည့်စွက်ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း စစ်ပွဲပြီးဆုံးကြောင်း အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ စစ်ပွဲပြီးဆုံးကြောင်း ကြေညာနိုင်ဖွယ်ရှိမှုကို ယမန်နှစ် အောက်တိုဘာလအတွင်း ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ထို့အတူ သမ္မတထရန့်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန် Stephen Beigun ကလည်း ထရန့်က စစ်ပွဲကိုအဆုံးသတ်ရန် အသင့်ရှိကြောင်း ယခုလအစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။

စင်ကာပူမှာ သမိုင်းဝင် တွေ့ဆုံခဲ့ကြသည့် ကင်မ်နှင့်ထရန့် (Photo: Saul Loeb/AFP)

ထိုအခြေအနေတွေအရ ဖေဖေါ်ဝါရီ ၂၇၊ ၂၈ ရက် ဟနွိုင်းမြို့မှာ ပြုလုပ်သွားမယ့် ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲအတွင်း ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာနိုင်တယ်လို့ ခန့်မှန်းမျှော်လင့်မှုတွေ မြင့်တက်နေပါတယ်။ ဟနွိုင်းမှာပြုလုပ်မယ့် ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆက်လက် လုပ်ဆောင်မယ့်ကိစ္စကိုလည်း သဘောတူညီကြမယ်လို့ မျှော်လင့်ရပါတယ်။

ထရန့်နဲ့ကင်မ်တို့ဟာ ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ထိုစဉ်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။

(ထိပ်သီးတွေ့ဆုံပွဲအတွက် ဟနွိုင်းမြို့မှာ ပြင်ဆင်ထားမှု) (Photo: Reuters)

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတထရန့်နဲ့ ထိပ်သီးတွေ့ဆုံရန်အတွက် ဗီယက်နမ်နိုင်ငံသို့ မိုင်ပေါင်း ၂,၅၀၀ ခရီးရှည်ကို လေယာဉ်ဖြင့်မဟုတ်ဘဲ ရထားစီးပြီး လာရောက်ကြောင်းလည်း သိရပါတယ်။

(ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံမှာ လုံခြုံရေးတင်းကျပ်ထားမှု) (Photo: AFP)

ကင်မ်ဂျုံအန်ဟာ ပြုံးယမ်းမြို့မှ စနေနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) မှာ စတင်ထွက်ခွာလာခဲ့ပြီး တရုတ်နိုင်ငံကို ဖြတ်သန်းကာ ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံကို ဆိုက်ရောက်မှာဖြစ်ပြီး ထိုမှတစ်ဆင့် ဟနွိုင်းမြို့ကို ဖေဖေါ်ဝါရီ ၂၆ ရက်မှာ ရောက်ရှိမယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံမှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ကင်မ်ဂျုံအန်ရဲ့ ရထားခရီးစဉ်ဟာ နာရီ ၆၀ ကြာမြင့်ကြောင်းလည်း သိရပါတယ်။ ကင်မ်ဂျုံအန်ဟာ ယမန်နှစ်အတွင်းနဲ့ ယခုနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို သွားရောက်ခဲ့စဉ်ကလည်း ရထားခရီးစဉ်ကို အသုံးပြုခဲ့ပါတယ်။

Share

Loading Next Article...
က္က