လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၈ မိုင် ရှိခဲ့ပါတယ်။

လတ်တလော နှစ်များအတွင်း အိန္ဒိယသမုဒ္ဒရာမှာ အကြီးဆုံး မုန်တိုင်းတွေအနက်တစ်ခုဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဖန်နီက အိန္ဒိယနိုင်ငံအရှေ့ဘက် ကုန်းတွင်းပိုင်းကို ယနေ့ (မေ ၃ ရက်) စတင်ဝင်ရောက် တိုက်ခတ်နေပြီဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာန (India Meteorological Department - IMD) က သတင်းထုတ်ပြန်ပါတယ်။

(မုန်တိုင်းခိုလှုံရေးစခန်းတစ်ခု) (Photo: Reuters)

မုန်တိုင်းဟာ အိန္ဒိယကုန်းတွင်းပိုင်းကို ယနေ့မွန်းလွဲပိုင်းမှာ ဝင်ရောက်မယ်လို့ အစောပိုင်းက ခန့်မှန်းထားခဲ့ပေမဲ့ မနက် ၈ နာရီမှာ စတင်ဝင်ရောက်ခဲ့ကြောင်းလည်း IMD က ပြောပါတယ်။ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာ တိုက်ရိုက်ရှိနေတဲ့ အိန္ဒိယအရှေ့ပိုင်း သြရိသျှပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။



သြရိသျှပြည်နယ်ရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ပူရီမြို့နဲ့ အနီးပတ်ဝန်းကျင် နေရာဒေသတွေမှာ လေပြင်းတိုက်မှုတွေ ကြုံရတယ်လို့ဆိုပါတယ်။ ဆိုင်ကလုန်းဖုန်နီ ကုန်းတွင်းပိုင်းကို ဝင်ရောက်စဉ်မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၈ မိုင် ရှိခဲ့တယ်လို့ IMD က ပြောပါတယ်။ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၂၄ မိုင်အထိ ဖြစ်လာနိုင်ကြောင်းလည်း BBC သတင်းမှာ ဖော်ပြပါတယ်။

(ဆိုင်ကလုန်းဖန်နီ သက်ရောက်နိုင်မှုအခြေအနေပြ မြေပုံ) (Map: AccuWeather)

လက်ရှိအချိန်အထိ မုန်တိုင်းကြောင့် အိန္ဒိယမှာ လူ ၁၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူတစ်ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နေရာဒေသအချို့မှာ ရေကြီးမှုဖြစ်ပေါ်ကြောင်းနဲ့ သစ်ပင်များလဲပြိုခြင်း၊ အဆောက်အအုံ အမိုးများပျက်စီးခြင်း၊ သောက်သုံးရေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှိိုတို့ ဖြစ်ပေါ်ကြောင်း သတင်းတွေကြားသိရတယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဖန်နီ (Cyclone Fani) ဖြတ်သန်းရာလမ်းကြောင်းရှိ သြရိသျှပြည်နယ်မှာလူဦးရေ ၁.၂ သန်းခန့်ကို ယာယီခိုလှုံရေးစခန်းများ၊ စာသင်ကျောင်းများနဲ့ အခြား အဆောက်အအုံများသို့ ရွှေ့ပြောင်းပေးထားပြီး အနီးအနားရှိ ပြည်နယ်အချို့မှာလည်း မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဖန်နီမုန်တိုင်းဟာ သြရိသျှပြည်နယ်ရှိ နေရာဒေသ ၁၅ ခုကို ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖန်နီမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် ဦးတည်နေတယ်လို့ သိရပါတယ်။(Photo: @satyaprad1/Twitter)

မုန်တိုင်းတိုက်ခတ်မှာဖြစ်တာကြောင့် သြရိသျှပြည်နယ် အဝင်အထွက် လေကြောင်းခရီးစဉ်တွေနဲ့ ရထားဝန်ဆောင်မှုတွေကို ဖျက်သိမ်းထားပြီး စာသင်ကျောင်းနဲ့ အစိုးရရုံးတွေကို ပိတ်ထားပါတယ်။ အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းရှိ ဆိပ်ကမ်းသုံးခုမှာလည်း ကုန်တင်ကုန်ချ လုပ်ငန်းများကို ရပ်ဆိုင်းပိတ်သိမ်းထားကြောင်း သိရပါတယ်။ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် လူဦးရေ တစ်သန်းဝန်းကျင် နေထိုင်နိုင်တဲ့ ခိုလှုံရေးစခန်း ၈၅၀ ကို အိန္ဒိယအစိုးရက စီစဉ်ထားပါတယ်။

အရေးပေါ်ဝန်ထမ်းတွေကို အသင့်ချထားခဲ့ပြီး အိန္ဒိယရေတပ်ကိုလည်း အကူအညီများပေးနိုင်ရန် အသင့်ရှိနေရေး တပ်လှန့်ထားခဲ့ပါတယ်။ အိန္ဒိယရေတပ်က စစ်သင်္ဘော ခုနစ်စီး၊ လေယာဉ်ခြောက်စီးနဲ့ ရဟတ်ယာဉ် ခုနစ်စီးကို ရေငုပ်သမားများ၊ ရာဘာလှေများ၊ ဆေးဘက်ဆိုင်ရာအဖွဲများနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းများနဲ့အတူ အသင့်ချထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: RanchiMirror)

သြရိသျှပြည်နယ်မှာ အဆိုးရွားဆုံး မုန်တိုင်းတိုက်ခတ်မှုကတော့ ၁၉၉၉ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဖြစ်ပြီး လူ ၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းကို နှစ်စဉ် ဧပြီနဲ့ ဒီဇင်ဘာလအတွင်း မုန်တိုင်းများ ပုံမှန်ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း တမီလ်နာဒူနဲ့ ကီရာလာပြည်နယ်တို့မှာ ဆိုင်ကလုန်းမုန်တိုင်း Ockhi တိုက်ခတ်မှုကြောင့် လူ ၂၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန် - မုန်တိုင်းဒီရေဆိုတာ ဘာလဲ? ဘာကြောင့် အလွန်အန္တရာယ်ရှိတာလဲ?




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က