လအတန်ကြာ လေထုသန့်ရှင်းနေခဲ့ပြီးနောက် လေထုညစ်ညမ်းမှု ပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ‌လေထုညစ်ညမ်းမှု တစ်ကျော့ပြန်ဖြစ်နေတာကြောင့် မျက်နှာဖုံးတပ်ဆင်သွားလာကြရန် သို့မဟုတ် နေအိမ်အတွင်းမှာ နေထိုင်ကြရန် မြို့အာဏာပိုင်တွေက ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

(Photo: @CatzzzThailand/Twitter)

ဘန်ကောက်မှာ လအတန်ကြာ လေထုသန့်ရှင်းနေခဲ့ပြီးနောက် ယခုအခါ လေထုညစ်ညမ်းမှု အခြေအနေ ပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (Pollution Control Department) က ထုတ်ပြန်မှုအရ ဘန်ကောက်မြို့တစ်ဝှမ်း နေရာသုံးခုမှာ လေထုညစ်ညမ်းမှုညွှန်းကိန်းဟာ ကျန်းမာရေးအတွက် စိတ်ချရတဲ့ ပမာဏထက် ကျော်လွန်နေကြောင်း သိရပါတယ်။



ယမန်နေ့ မနက်ပိုင်းက ဘန်ကောက်မြို့တော်ရဲ့ လေထုအရည်သွေး အညွှန်းကိန်း (Air Quality Index - AQI) ဟာလည်း ၁၇၀ ဖြစ်နေကြောင်း လေထုအရည်အသွေး စောင့်ကြည့်ဝက်ဘ်ဆိုက် airisual.com က ဖော်ပြခဲ့ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဘန်ကောက်မှာ လေထုညစ်ညမ်းမှု ပြန်ဖြစ်လာရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက ပြောကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

(Photo: @FlorianReinold/Twitter)

ဘန်ကောက်လေထုဟာ ခြောက်သွေ့တဲ့ရာသီဖြစ်တဲ့ ဒီဇင်ဘာလမှ ဧပြီလအထိ ညစ်ညမ်းမှုဖြစ်လေ့ရှိကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။ လူဦးရေ ၁၀ သန်းခန့် နေထိုင်ကြတဲ့ ဘန်ကောက်မြို့မှ မြို့ခံတွေက လေထုညစ်ညမ်းနေကြောင်းနဲ့ ရင်ကြပ်မှုနဲ့ ဓာတ်မတည့်မှုကဲ့သို့ ပြဿနာများ ကြုံနေရကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

"အသက်ရှူရကျပ်နေတယ်၊ ကျွန်တော့် ကျန်းမာရေးတစ်ခုခုတော့ မှားနေပြီ" လို့ အသက် ၅၈ နှစ်အရွယ် မီနီဘတ်စ်ကားမောင်းသူ Pitak Messopa က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဓာတ်မတည့်မှုဖြစ်ခဲ့ပြီး မကြာခဏ မျက်နှာဖုံးတပ်ထားခဲ့ရကြောင်းလည်း ၎င်းကဆိုပါတယ်။ "ကျွန်တော့် မျက်လုံးတွေက အမြဲတမ်း နာကျင်ယားယံနေတယ်" လို့လည်း Pitak Messopa က ပြောခဲ့ပါတယ်။

(Photo: thainews.prd.go.th)

ယခုနှစ်အစောပိုင်းက လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းအချို့ကို ပိတ်ထားခဲ့ရဖူးပါတယ်။ ဧပြီလအတွင်း ချင်းမိုင်အပါအဝင် နိုင်ငံမြောက်ပိုင်း ခရိုင်တွေမှာ လေထုညစ်ညမ်းမှုအခြေအနေ အန္တရာယ်ရှိအဆင့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

  • ရန်ကုန်မှာလည်း လေထုညစ်ညမ်းနေ

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း ဒီဇင်ဘာတစ်လုံးနီးပါး လေထုညစ်ညမ်းမှုအခြေအနေ အနီရောင်အဆင့်ဖြစ်နေပြီး သန်လျင်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်ကြောင်း Air Quality Yangon အဖွဲ့အစည်းက ပြောထားပါတယ်။ နေအိမ်ပြင်ပ သွားလာကြရာမှာ N95 အမျိုးအစား မျက်နှာဖုံးတပ်ဆင် သွားလာကြရန်လည်း သတိပေးထားပါတယ်။

(Infographic: Clean Air Myanmar)

Air Quality Yangon အဖွဲ့ဟာ အလုံ၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာနဲ့ သန်လျင်အစရှိတဲ့ မြို့နယ်တွေမှာ လေထုတိုင်းတာတဲ့စက်တွေကို ထားရှိပြီး နေ့စဉ် ရန်ကုန်မြို့ရဲ့ လေထုအခြေအနေတွေကို Air Quality Yangon ရဲ့ Facebook စာမျက်နှာနဲ့ www.cleanairmm.com ဝက်ဘ်ဆိုက်မှာ နေ့စဉ်ဖော်ပြပေးနေပါတယ်။ လက်ရှိမှာ Air Quality Yangon အဖွဲ့အစည်း Dr. Air Bear ဆိုတဲ့ ဝက်ဝံရုပ်လေးနဲ့ အတူ အများပြည်သူနေရာတွေမှာ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး သရုပ်ပြ ပညာပေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က