ဖေဖေါ်ဝါရီ ၂၈ ရက်မှာတော့ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်သွားရန်ရှိေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ယနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) ညနေပိုင်းက ညစာစားပွဲနဲ့အတူ စတင်လိုက်ပြီဖြစ်ပါတယ်။

(Photo: Reuters)

ဟနွိုင်းမြို့ရှိ Metropole ဟိုတယ်မှာ နှစ်နိုင်ငံအလံများဖြင့် ပြင်ဆင်ထားတဲ့ နေရာအရှေ့မှာ ထရန့်နဲ့ကင်မ်ဂျုံအန်တို့က လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုကို စတင်လိုက်ကြပါတယ်။ ၎င်းတို့နှစ်ဦး တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီးနောက် ထရန့်က ထိပ်သီးဆွေးနွေးပွဲဟာ အလွန်အောင်မြင်မယ်လို့ ထင်မြင်ကြောင်းနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး နောက်ကြောင်းပြန်မလှည့်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထို့နောက် ယခု ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာနိုင်မှုအခြေအနေကို မေးမြန်းရာမှာတော့ ထရန့်က "ကျွန်တော်တို့ ကြည့်ကြတာပေါ့" လို့ ဖြေဆိုသွားခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကလည်း ဗီယက်နမ်မှာ ထိပ်သီးတွေ့ဆုံမှုပြုလုပ်ရန် အတားအဆီး အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ကြပြီဖြစ်ပြီး ယမန်နှစ်အတွင်း ၎င်းတို့နှစ်ဦး စင်ကာပူမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း မိမိတို့အနေနဲ့ စဉ်းစားတွေးခေါ်မှု၊ အားထုတ်ကြိုးပမ်းမှုနဲ့ စိတ်ရှည်သည်းခံမှုတွေ ပိုမိုလိုအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထရန့်နဲ့ ထိပ်သီးဆွေးနွေးမှုတွေဟာ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ကင်မ်ဂျုံအန်က ပြောခဲ့ပါတယ်။ "ဒီတစ်ကြိမ်မှာ လူတွေအားလုံး ကြိုဆိုကြမယ့် ရလဒ်မျိုးထွက်ပေါ်လာမယ်ဆိုတာ သေချာပါတယ်၊ ဒီလို ရလဒ်ထွက်ပေါ်ဖို့လည်း ကျွန်တော် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ" လို့ ကင်မ်ဂျုံအန်က ယနေ့ညနေပိုင်းမှာ ထရန့်နဲ့ စတင်တွေ့ဆုံစဉ် ပြောကြားသွားခဲ့ပါတယ်။

(Photo: AFP)

ထရန်နဲ့ကင်မ်ဂျုံအန်တို့ဟာ စကားပြန်များသာ ပါဝင်ကြမယ့် သီးသန့်ဆွေးနွေးမှုကို မိနစ် ၂၀ ကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ၎င်းတို့ရဲ့ ထိပ်တန်းလက်ထောက်နှစ်ဦး၊ စကားပြန်နှစ်ဦးတို့နဲ့အတူ ညစာသုံးဆောင်ကြတယ်လို့ သိရပါတယ်။

ညစာစားပွဲကို အမေရိကန်သမ္မတထရန့်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုနဲ့ အိမ်ဖြူတော်ဝန်ထမ်းရေးရာ အကြီးအကဲ မစ်ခ်မူလ်ဗာနီတို့ တက်ရောက်ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့အတူ ၎င်းရဲ့ညာလက်ရုံးအဖြစ် သိထားကြတဲ့ ကင်မ်ယောင်ချိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုတို့က ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

(Photo: @Yalamari/Twitter)

ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာတော့ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်သွားရန်ရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောထားပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက် ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်သွားမယ့်နေရာကိုတော့ ထုတ်ပြန်ပြောကြားခြင်း မရှိသေးဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။

ထရန့်နဲ့ကင်မ်တို့ဟာ စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုအပြီး ၈ လအကြာမှာ နောက်တစ်ကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ ယမန်နှစ် ဇွန်လအတွင်း စင်ကာပူ ထိပ်သီးတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။

(Photo: Reuters)

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

ယခုတစ်ကြိမ် ဗီယက်နမ်မှာပြုလုပ်မယ့် ထရန်နဲ့ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံမှုအတွင်း ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာလိမ့်မယ်လို့ ခန့်မှန်းမျှော်လင့်မှုတွေလည်း မြင့်တက်နေကြောင်း သိရပါတယ်။ အမေရိကန်နဲ့မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးတို့ဟာ စစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်ရရှိနိုင်ကြောင်း တောင်ကိုရီးယားက ပြောခဲ့ပြီးနောက် ထိုသို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။



Share

Loading Next Article...
က္က