ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်က စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ရှိနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့က တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်နေရာမှာ ယနေ့ (ဇွန် ၃၀ ရက်) တွေ့ဆုံခဲ့ကြပါတယ်။

(Photo: AP)

စစ်မဲ့ဇုန်ရှိ နယ်စပ်မျဉ်းနေရာမှာ လက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် အမေရိကန်သမ္မတထရန့်က မြောက်ကိုရီးယားပိုင်နက်ထဲကို ခြေလှမ်းအနည်းငယ်မျှ ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပါတယ်။ ထရန့်ဟာ မြောက်ကိုရီးယားပိုင်နက်ထဲကို ခြေချခဲ့တဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ ထရန့်နဲ့ကင်မ်ဂျုံအန်တို့ တွေ့ဆုံမှုဟာ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သလို ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြတဲ့ ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန် (Demilitarised zone - DMZ) ကလည်း စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ရှိနေပါတယ်။




(Photo: AFP)

  • ၁၅၅ မိုင်ရှည်လျားပြီး အကျယ် ၂.၅ မိုင်ရှိတဲ့ ကိုရီးယားနှစ်နိုင်ငံကြားမှ စစ်မဲ့ဇုန်ဟာ ကမ္ဘာ့နောက်ဆုံးလက်ကျန် စစ်အေးခေတ် ရှေ့တန်းနယ်စပ်နေရာ ဖြစ်ပါတယ်။ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းပြီးနောက် စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ကာ နှစ်နိုင်ငံတပ်ဖွဲ့များက လက်နက်ကိုင် စောင့်ကြပ်နေကြပါတယ်။ လက်ရှိအချိန်အထိ ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲရပ်ဆိုင်းထားခြင်းသာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးပါဘူး။ စစ်မဲ့ဇုန်ကို မြောက်ကိုရီးယား၊ တရုတ်နဲ့ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂ မဟာမိတ်တပ်ဖွဲ့များ သဘောတူညီမှုဖြင့် အကောင်အထည်ဖော်ခဲ့ကြပါတယ်။
(Photo: Reuters)
  • ၁၉၅၃ ခုနှစ် ဇူလိုင် ၂၇ ရက်မှာ စတင်ခဲ့တဲ့ စစ်မဲ့ဇုန်နေရာဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှ ၃၇ မိုင်ကျော်နဲ့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှ မိုင် ၁၃၀ အကွာအဝေးမှာ ရှိပါတယ်။ စစ်မဲ့ဇုန်အတွင်းမှာ ပူးတွဲလုံခြုံရေးနယ်မြေ (Joint Security Area - JSA) တစ်ခုကို သတ်မှတ်ထားပါတယ်။ ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ငြိမ်းချမ်းရေးကျေးရွာခေါ် ပန်မွန်ဂျုံကျေးရွာဟာ ပေ ၂,၆၀၀ ကျယ်ပြီး ပေ ၁,၃၀၀ ကျော်ရှည်လျားတဲ့ JSA နယ်မြေထဲမှာ တည်ရှိပါတယ်။
  • စစ်မဲဇုန်ထဲမှာ စစ်မက်ရေးရာပိုင်းခြားမျဉ်း (Military Demarcation Line - MDL) သတ်မှတ်ထားပြီး တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေဟာ ပန်မွန်ဂျုံကျေးရွာရှိ MDL နယ်စပ်မျဉ်းတစ်လျှောက် မျက်နှာချင်းဆိုင် စောင့်ကြပ်နေကြပါတယ်။

(Photo: AFP)

  • ပန်မွန်ဂျုံကျေးရွာမှာ ထင်ရှားတောက်ပတဲ့ အပြာရောင် အဆောက်အုံများ စုဝေးတည်ရှိပါတယ်။ MDL နယ်စပ်မျဉ်းရဲ့ တစ်ဖက်စီမှာတော့ ကိုရီးယားနှစ်နိုင်ငံက ၎င်းတို့ရဲ့ ဆက်ဆံရေးရုံးတွေနဲ့ အစည်းအဝေးခန်းမတွေ ကိုယ်စီ ရှိကြပါတယ်။
  • ၁၉၅၃ ခုနှစ် သဘောတူညီချက်ရ ကုလသမဂ္ဂ မဟာမိတ်တပ်ဖွဲ့နဲ့ မြောက်ကိုရီးယားစစ်တပ်တို့ကို JSA အတွင်း ၃၅ ဦးထက်မပိုတဲ့ တပ်ဖွဲ့ဝင် အရေအတွက်သာ တပ်စွဲချထားနိုင်ပါတယ်။ ၎င်းတပ်ဖွဲ့ဝင်တွေဟာ ပစ္စတို သို့မဟုတ် အော်တိုမတ်တစ်ရိုင်ဖယ် မဟုတ်တဲ့ သေနတ်များသာ ကိုင်ဆောင်ခွင့်ရှိကြပါတယ်။ ထိုသို့ သဘောတူညီ သတ်မှတ်ချက်ရှိထားခဲ့ပေမဲ့လည်း ဆက်ဆံရေးတင်းမာချိန်မှာတော့ တပ်ဖွဲ့ဝင်အရေအတွက်နဲ့ လက်နက်များ တိုးမြင့်ထားခဲ့ပါတယ်။

(Photo: AFP/JiJi)

  • ဆယ်စုနှစ်တစ်ခုအတွင်း ကိုရီးယားနှစ်နိုင်ငံ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုကို ပန်မွန်ဂျုံကျေးရွာမှာ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
  • ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် JSA အတွင်း လက်နက်ကိုင်ဆောင်မှုတွေ ရုပ်သိမ်းလိုက်ပြီး တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း မူလ သဘောတူသတ်မှတ်ထားမှုအတိုင်း ၃၅ ဦးသို့ လျှော့ချခဲ့ကြပါတယ်။
  • စစ်မဲ့ဇုန်ရဲ့ ကျယ်ပြန့်တဲ့ နေရာအများအပြားဟာ နှစ်ပေါင်း ၆၀ ကျော် အခြေချနေထိုင်သူမရှိခဲ့ဘဲ တောရိုင်းတိရိစ္ဆာန်တွေ လွတ်လပ်စွာ ကျက်စားနေထိုင်ခွင့်ရခဲ့ကြပါတယ်။ စစ်မဲ့ဇုန်ရဲ့ အခြား နယ်မြေတွေမှာတော့ အတည်တကျမဟုတ်တဲ့ စစ်တပ် တပ်စွဲထားမှုနဲ့ ကမ္ဘာလှည့်ခရီးသည် လည်ပတ်နိုင်ရန် နေရာများ စီစဉ်ထားပါတယ်။

(Photo: AFP)

  • ကုလသမဂ္ဂတပ်ဖွဲ့ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်အတွင်း JSA နေရာသို့ တောင်ကိုရီးယားမှ လာရောက်လည်ပတ်သူ ၁၀၅,၀၀၀ ရှိခဲ့ပြီး မြောက်ကိုရီးယားဘက်မှ ခရီးသည် ၃၀,၀၀၀ နီးပါး လာရောက်ခဲ့ကြောင်း သိရပါတယ်။
  • စစ်မဲ့ဇုန်တစ်လျှောက် မြောက်ကိုရီးယားစစ်တပ် ကင်းစခန်းနေရာ ၁၆၀ ရှိတယ်လို့ တောင်ကိုရီးယားက ခန့်မှန်းထားပါတယ်။ တောင်ကိုရီးယားကတော့ စစ်မဲ့ဇုန်တစ်လျှောက် စစ်တပ်ကင်းစခန်း ၆၀ ထားရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ စစ်ဘက်ဆိုင်ရာ သဘာတူညီမှုရခဲ့ပြီးနောက် စစ်မဲ့ဇုန်တစ်လျှောက် တစ်ဖက်စီမှ ကင်းစခန်း ၁၁ ခုစီကို ဖျက်သိမ်းခဲ့ပါတယ်။
(Map: Rishabh Tatiraju/Wikipedia)
  • လွန်ခဲ့တဲ့ ၁၀ စုနှစ်များအတွင်း စစ်မဲ့ဇုန်မှာ မြေမြှုပ်မိုင်းများ အပြန်အလှန် ချထားခဲ့ကြရာ တောင်ကိုရီးယားဘက်ခြမ်းမှာပင် မြေမြှုပ်မိုင်း ၉၇၀,၀၀၀ အထိရှိကြောင်း ဂျနီဗာမြို့အခြေစိုက် Landmine and Cluster Munition Monitor အဖွဲ့အစည်းက ပြောပါတယ်။
  • စစ်မဲ့ဇုန်နေရာမှာ ကိုရီးယားနှစ်နိုင်ငံက အသံချဲ့စက်များသုံးပြီး တစ်ဖက်နဲ့တစ်ဖက် ဝါဒဖြန့်ထုတ်လွှင့်မှုတွေကို နှစ်ပေါင်းအတန်ကြာ လုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီမှုရပြီးနောက် ဝါဒဖြန့်ထုတ်လွှင့်မှုတွေ ရပ်ဆိုင်းခဲ့ကြပါတယ်။

Source: Reuters, AFP, Wikipedia, CNA

Share

Loading Next Article...
က္က