ဆယ်စုနှစ်များအတွင်း ထိပ်တိုက်တွေ့မှုများအနက် ပထမဆုံး သေဆုံးမှုများ ဖြစ်လာခဲ့ပါတယ်။
Ko John

ကက်ရှ်မီးယားဒေသ Ladakh နယ်မြေမှာ တရုတ်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အိန္ဒိစစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အိန္ဒိယနဲ့တရုတ်တို့က အပြန်အလှန် အပြစ်တင်နေကြတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အစောပိုင်းမှာတော့ စစ်သားသုံးဉီး သေဆုံးခဲ့ကြောင်း အိန္ဒိယက ပြောထားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဒဏ်ရာရ စစ်သား ၁၇ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နေ့ (ဇွန် ၁၅ ရက်) က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး နှစ်နိုင်ငံစစ်တပ်ရဲ့ အကြီးတန်း တာဝန်ရှိသူတွေက အခြေအနေတင်းမာမှုကို ထိန်းသိမ်းနိုင်ရန် တွေ့ဆုံဆွေးနွေးနေကြတယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။ တနင်္လာနေ့ (ဇွန် ၁၅ ရက်) က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်သားများ တိုက်ခိုက်မှုအတွင်း သေနတ်ပစ်ခတ်ခြင်း မရှိခဲ့ဘဲ တုတ်များ၊ ဘက်တံများနဲ့ သံတပ်ထားတဲ့ ဝါးတုတ်များသုံးပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက အိန္ဒိယကို တစ်ဖက်သတ်ဆောင်ရွက်မှုများ သို့မဟုတ် ပြဿနာရှာမှုများ မလုပ်ဆောင်ရန် တိုက်တွန်းလိုက်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ အိန္ဒိယတပ်ဖွဲ့တွေဘက်က နယ်စပ်ဖြတ်ကျော်လာပြီး တရုတ်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း တရုတ်နိုင်ငံက စွပ်စွဲခဲ့ကြောင်း AFP သတင်းက ပြောပါတယ်။ ယခု ထိပ်တိုက်တွေ့မှုဟာ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေစဥ်မှာ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

(Photo: Reuters)

တရုတ်က နှစ်နိုင်ငံ နယ်စပ်ရှိ Ladakh နယ်မြေအတွင်း Galwa တောင်ကြားကို ထောင်နဲ့ချီတဲ့ စစ်သားများ စေလွှတ်နေကြောင်း အိန္ဒိယက စွပ်စွဲခဲ့ပါတယ်။ ယခု သေဆုံးမှုတွေဟာ အင်အားကြီး နှစ်နိုင်ငံကြား အနည်းဆုံး ၄၅ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုများအနက် ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ဟာ ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်သာ စစ်ပွဲဖြစ်ပွားခဲ့ဖူးပြီး အိန္ဒိယက အရှက်တကွဲ စစ်ရှုံးခဲ့ပါတယ်။ တရုတ်နိုင်ငံက စတုရန်းမိုင် ၁၄,၆၀၀ ကျော်ရှိ ၎င်းရဲ့ ပိုင်နက်နယ်မြေကို သိမ်းပိုက်နေရာယူထားကြောင်း အိန္ဒိယက စွပ်စွဲထားပါတယ်။ အိန္ဒိယနဲ့တရုတ်တို့ကြား နယ်စပ်ပြဿနာကို ဖြေရှင်းရန်အတွက် ဆယ်စုနှစ် သုံးခုအတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

(Photo: AFP)

ယခုနှစ် မေလအတွင်း အိန္ဒိယအရှေ့မြောက်ပိုင်း Sikkim ပြည်နယ်ရှိ နယ်စပ်နေရာမှာ ဒါဇင်နဲ့ချီတဲ့ အိန္ဒိယနဲ့တရုတ် စစ်သားများကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး အပြန်အလှန် ထိုးကြိတ်ကာ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြမှုကြောင့် နှစ်ဖက်လုံးမှ စစ်သားများ ဒဏ်ရာရခဲ့ကြပါတယ်။ ထို့အတူ ၂၀၁၇ ခုနှစ်ကလည်း နယ်စပ်နေရာမှာ အိန္ဒိယနဲ့တရုတ် စစ်သားများ ရန်ပွဲဖြစ်ပွားခဲ့ဖူးပြီး ကျောက်ခဲများဖြင့်ပစ်ပေါက်ပြီး ထိုးကြိတ်ခဲ့ကြကြောင်း သိရပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အသစ်များ ရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က