လူဦးရေ သောင်းနဲ့ချီ ပါဝင်ကြတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဗြိတိန်အစိုးရက COVID-19 ထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်အသစ်များ သတ်မှတ်ထုတ်ပြန်မှုကို လန်ဒန်မြို့မှာ လူဦးရေ သောင်းနဲ့ချီ ပါဝင်ကြတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

(Photo: PA Media)

စက်တင်ဘာ ၂၆ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုအတွင်း လူ ၁၀ ဦး ဖမ်းဆီးခံရပြီး ရဲအရာရှိလေးဦး ဒဏ်ရာရခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ လန်ဒန်မြို့လယ်ရှိ Trafalgar ရင်ပြင်မှာ ကူးစက်မှုထိန်းချုပ်ရေး အစီအမံများကို မလိုက်နာကြတဲ့ ဆန္ဒပြသူ ၁၀,၀၀၀ ကျော်ကို ရဲတပ်ဖွဲ့က ရော်ဘာတုတ်များသုံးပြီး ဖြိုခွင်းရန် လုပ်ဆောင်ခဲ့စဥ် နှစ်ဘက်ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က Twitter မှာ ပြောထားပါတယ်။



ထိုဖြစ်ရပ်အတွင်း ရဲအရာရှိလေးဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးကို ဆေးရုံပို့ခဲ့ရကြောင်းလည်း လန်ဒန်ရဲတပ်ဖွဲ့က Twitter မှာ ရေးသားထားပါတယ်။ BBC သတင်းမှာတော့ အနည်းဆုံး ဆန္ဒပြသူ သုံးဦးနဲ့ ရဲအရာရှိ ကိုးဦး ဒဏ်ရာရခဲ့ပြီး လူ ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(Photo: Getty Images)

လန်ဒန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အလားတူ ဆန္ဒပြပွဲ အဓိကရုဏ်းအတွင်း ဖြစ်ပွားခဲ့ရာ ရဲအရာရှိ တစ်ဒါဇင် ဒဏ်ရာရခဲ့ပါတယ်။ ယမန်နေ့ အစောပိုင်းမှာလည်း လန်ဒန်မြို့လယ်မှာ ဆန္ဒပြသူ သောင်းနဲ့ချီ စုရုံးခဲ့ကြပြီး အစိုးရက သတ်မှတ်ထုတ်ပြန်တဲ့ COVID-19 ထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေအနက် အလွန်အနည်းငယ်မျှ အရေအတွက်ကသာ mask များ တပ်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ကူးစက်မှုတွေ အလျင်အမြန် မြင့်တက်နေပြီး စိုးရိမ်ပူပန်စရာ ဖြစ်နေတဲ့ ဗြိတိန်မှာ ထိန်းချုပ်ကာကွယ်ရေး စည်းမျဥ်းကန့်သတ်ချက်အသစ်များ သတ်မှတ်ထုတ်ပြန်ထားပါတယ်။ စည်းမျဥ်းကန့်သတ်ချက်တွေအနက် အဆောက်အအုံအတွင်း၊ အပြင်မှာ လူခြောက်ဦးအထိသာ စုရုံးခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

(Photo: EPA)

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဖြစ်နိုင်လျှင် အိမ်ကနေ အလုပ်လုပ်ကြရန် ပြည်သူတွေကို ပြောခဲ့ပြီး ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို အချိန်စောပိတ်ရန် ညွှန်ကြားထားပါတယ်။ ဗြိတိန်မှာ လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ဒုတိလှိုင်းကို ထိန်းချုပ်ရန် အစိုးရက စည်းမျဥ်းကန့်သတ်ချက်အသစ်များ ထုတ်ပြန်လိုက်ပြီး ထိုစည်းမျဥ်းကန့်သတ်ချက်တွေဟာ ၆ လကြာမြင့်နိုင်ကြောင်းလည်း သိရပါတယ်။

အစိုးရရဲ့ သိပ္ပံပညာရှင်တွေက အဆောတလျင် အရေးယူဆောင်ရွက်မှု မရှိပါက ကူးစက်မှုနဲ့ သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။ အရက်ဆိုင်များ၊ ဘားဆိုင်များ၊ စားသောက်ဆိုင်များနဲ့ အခြား ဧည့်ခံဝန်ဆောင်မှုပေးတဲ့ နေရာအားလုံးကိုလည်း စက်တင်ဘာ ၂၄ ရက်မှစပြီး ည ၁၀ နာရီမှာပိတ်ရန် ညွှန်ကြားချက်ထုတ်ထားပါတယ်။

(Photo: EPA)

ဗြိတိန်နိုင်ငံမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၂၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၁,၉၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ဗြိတိန်အပါအဝင် ဥရောပမှာ ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ယခုလအတွင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ကိုယ်တိုင်သီးခြားခွဲနေရမယ့် ကိုဗစ်စည်းမျဥ်း မလိုက်နာပါက ပေါင် ၁၀,၀၀၀ ဒဏ်ရိုက်မည်

Share

Loading Next Article...
က္က