သယ်ဆောင်ရ အလွန်အလွယ်ကူပြီး COVID-19 ရှိ မရှိ အလွယ်တကူ လျင်မြန်စွာ စစ်ဆေးသိရှိနိုင်ပါတယ်။

ဝင်ငွေနိမ့်နဲ့ အလယ်အလတ်ဝင်ငွေရှိ နိုင်ငံများအတွက် တစ်ခုလျှင် အမြင့်ဆုံးဈေးနှုန်း အမေရိကန်ဒေါ်လာ ၅ ဒေါ်လာဖြစ်တဲ့ COVID-19 အမြန်စစ်ဆေးကိရိယာ သန်း ၁၂၀ ခန့် ထုတ်လုပ်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က စက်တင်ဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။

စစ်ဆေးနိုင်မှုပမာဏ တိုးချဲ့ဖို့အတွက် မဖြစ်မနေ လိုအပ်ပါတယ်၊ အထူးသဖြင့် ကူးစက်မှုနှုန်မြင့်မားနေတဲ့ ‌နေရာတွေမှာပေါ့


(WHO အကြီးအကဲ Tedros) (Photo: Reuters)

လျင်လျင်မြန်မြန်စစ်နိုင်ပြီး ဈေးနှုန်းမကြီးဘဲ ယုံကြည်စိတ်ချရတဲ့ COVID-19 အမြန်စစ်ဆေးကိရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းက နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှာ ကူးစက်မှုသိရှိနိုင်ရေးနဲ့ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် အကူအညီဖြစ်စေပြီး ချမ်းသာတဲ့နိုင်ငံတွေနဲ့ ကွာဟမှုကျဥ်းမြောင်းနေမယ်လို့ WHO က ဆိုပါတယ်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus ရဲ့ အဆိုအရ Abbott Laboratories နဲ့ SD Biosensor Inc. ကုမ္ပဏီတို့က Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်တို့ ဇနီးမောင်နှံရဲ့ Bill & Melinda Gates Foundation နဲ့ COVID-19 စစ်ဆေးကိရိယာ (test kit) သန်း ၁၂၀ ထုတ်လုပ်ရန် သဘောတူညီထားကြောင်း သိရပါတယ်။ အဆိုပါ ကိရိယာသစ်တွေဟာ သယ်ဆောင်ရ အလွန်အလွယ်ကူပြီး COVID-19 ရှိ မရှိ အလွယ်တကူ လျင်မြန်စွာ စစ်ဆေးသိရှိနိုင်ကြောင်းနဲ့ ခြောက်လအတွင်း ရရှိနိုင်မယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

(Bill & Melinda Gates Foundation အဆောက်အအုံ) (Photo: Marcus Donner /Reuters)

COVID-19 စစ်ဆေးကိရိယာတွေကို လက်ရှိမှာ တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ (မြန်မာကျပ်ငွေ ၆,၅၀၀ ဝန်းကျင်) ဈေးနှုန်းသတ်မှတ်ထားကြောင်းနဲ့ ထိုထက်ပိုပြီး ဈေးသက်သာလာမယ်လို့ ခန့်မှန်းထားကြောင်းလည်း WHO အကြီးအကဲTedros က ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကူးစက်ခံရသူ ဖော်ထုတ်သိရှိဖို့၊ ထိတွေမှုရှိသူ ခြေရာခံဖို့နဲ့ ကူးစက်ပျံ့နှံ့မှု ရပ်တန့်အောင် သီးခြားခွဲထားဖို့က စစ်ဆေးမှုလုပ်ဖို့ ‌အလွန်အရေးပါပါတယ်

"ဒီဟာက အထူးသဖြင့် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ရောက်ဖို့ခက်ခဲ့တဲ့ နေရာတွေ သို့မဟုတ် လေ့ကျင့်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးမှုပြုလုပ်ဖို့ ခက်ခဲတဲ့နေရာတွေမှာ စစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်သွားနိုင်စေမှာ ဖြစ်ပါတယ်၊ ဒါက စစ်ဆေးနိုင်မှုပမာဏ တိုးချဲ့ဖို့အတွက် မဖြစ်မနေ လိုအပ်ပါတယ်၊ အထူးသဖြင့် ကူးစက်မှုနှုန်မြင့်မားနေတဲ့ ‌နေရာတွေမှာပေါ့" လို့ Tedros က ရှင်းပြပါတယ်။

(FIND အမှုဆောင်အရာရှိချုပ် Catharina Boehme) (Photo: Getty Images)

"ဒါက ကျွန်မတို့ရဲ့ ပထမ ခံစစ်ကြောင်းပါပဲ၊ နိုင်ငံတွေအတွက် ကူးစက်ခံရသူ ဖော်ထုတ်သိရှိဖို့၊ ထိတွေမှုရှိသူ ခြေရာခံဖို့နဲ့ ကူးစက်ပျံ့နှံ့မှု ရပ်တန့်အောင် သီးခြားခွဲထားဖို့က စစ်ဆေးမှုလုပ်ဖို့ ‌အလွန်အရေးပါပါတယ်" လို့ ယခု COVID-19 အမြန်စစ်ဆေးကိရိယာ စီမံကိန်းမှာပါဝင်တဲ့ ဂျနီဗာအခြေစိုက် Foundation for Innovative New Diagnostics (FIND) အဖွဲ့အစည်းမှ အမှုဆောင်အရာရှိချုပ် Catharina Boehme က ပြောပါတယ်။

"အခု ကျွန်မတို့မှာ အရည်အသွေးမြင့် အမြန်စစ်ဆေးကိရိယာ နှစ်မျိုးထုတ်လုပ်နေပြီး WHO က အ‌ရေးပေါ်သုံးအဖြစ် စာရင်းသွင်းထားပါတယ်" လို့လည်း သူမက ဆိုပါတယ်။ Antigen Tests ခေါ် COVID-19 ရှိ မရှိ အမြန်စစ်ဆေးမှုဟာ ဓာတ်ခွဲခန်းတစ်ခု မလိုအပ်ဘဲ လုပ်ဆောင်နိုင်ပြီး ယုံကြည်စိတ်ချရတဲ့ အဖြေတွေကို နာရီပိုင်း သို့မဟုတ် ရက်နဲ့ချီ မကြာမြင့်ဘဲ ၁၅ မိနစ်အတွင်း သိရှိနိုင်တာကြောင့် စစ်ဆေးမှုကို ပိုမိုများပြားစွာ တိုးချဲ့လုပ်ဆောင်နိုင်တယ်လို့ Catharina Boehme က ဆိုပါတယ်။

ဒီစစ်ဆေးကိရိယာတွေက ကိုယ်ဝန်ရှိ မရှိ စစ်ဆေးသလိုပဲ အသုံးပြုရတာ ရိုးရှင်းပါတယ်

(Photo: EPA)

"ဒီစစ်ဆေးကိရိယာတွေက ကိုယ်ဝန်ရှိ မရှိ စစ်ဆေးသလိုပဲ အသုံးပြုရတာ ရိုးရှင်းပါတယ်" လို့လည်း သူမက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါပိုး ရှိ မရှိကို မိနစ်အနည်းငယ်အတွင်း သိရှိနိုင်မယ့် Test-kit နဲ့ စစ်ဆေးမှုကို ရန်ကုန်မှာ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) စတင်ပြုလုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ရန်ကုန်မှာ Test-kit စတင်စစ်ဆေးမယ့် ဆေးရုံ ၉ ခုကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ လှိုင်သာယာဆေးရုံ၊ မြောက်ဥက္ကလာဆေးရုံ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ သင်္ဃန်းကျွန်းဆေးရုံနဲ့ သန်လျင်ဆေးရုံတို့ ဖြစ်ပါတယ်။ 

ကိုဗစ် ရှိမရှိကို နာရီပိုင်းအတွင်းသိနိုင်မယ့် Test-kit နဲ့ စစ်ဆေးမှု ရန်ကုန်ရှိ ဆေးရုံ ၉ ခုမှာ ဒီနေ့ စတင်

Share

Loading Next Article...
က္က