လူနှစ်ဦးထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေသူ ၂၀ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

ပြင်သစ်အရှေ့တောင်ပိုင်းနဲ့ အီတလီအနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် လူနှစ်ဦးထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေသူ ၂၀ ဦးအထိရှိကြောင်း သိရပါတယ်။

(Photo: AFP)

မုန်တိုင်း Alex တိုက်ခတ်မှုကြောင့် အဆိုပါ ဒေသများအတွင်း ပြင်းထန်တဲ့လေတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ Nice မြို့မြောက်ဘက်ရှိ ကျေးရွာအများအပြားမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လမ်းများ၊ တံတားများနဲ့ နေအိမ်များ ပျက်စီးခဲ့ပြီး ထိခိုက်ပျက်စီးမှု ဆိုးရွားခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။



အီတလီနိုင်ငံ အနောက်မြောက်ပိုင်းမှာလည်း မုန်တိုင်းကြောင့် သမိုင်းမှတ်တမ်းဝင် ရေကြီးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုဒေသရှိ Sesia မြစ်ကူးတံတားရဲ့ အစိတ်အပိုင်းတစ်နေရာ ပြိုကျသွားခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်မှ နောက်ဆုံးအခြေအနေ

ပြင်သစ်ဝန်ကြီးချုပ် Jean Castex က ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ နိုင်ငံအရှေ့တောင်ပိုင်းသို့ စစ်တပ်စေလွှတ်ထားပြီး ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ခဲ့ပါတယ်။ လက်ရှိမှာ လူ ၂၀ ဦး ပျောက်ဆုံးနေဆဲ သို့မဟုတ် ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ် ပြတ်နေဆဲလို့ ဆိုပါတယ်။

(Photo: EPA)

"သတင်းအစအန မသိရှိရတဲ့ လူတွေ အများကြီးရှိပါတယ်" လို့ ဝန်ကြီးချုပ် Castex က ပြောပါတယ်။ "သူတို့ရဲ့ မိသားစုတွေ ဆွေမျိုးတွေနဲ့ အဆက်အသွယ် မရဖြစ်နေတာက သူတို့ဟာ မုန်တိုင်းကြောင့် ပျောက်ဆုံးနေတယ်လို့ မဆိုလိုပါဘူး" လို့ Alpes-Maritimes နယ်မြေ အုပ်ချုပ်ရေးမှူး Bernard Gonzalez က ဆိုပါတယ်။ နောက်ထပ် မိုးသည်းထန်နိုင်မှုဟာ စိုးရိမ်စရာဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါတယ်။

Meteo France မိုးလေဝသဌာနက ထုတ်ပြန်မှုအရ နေရာအချို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၇.၇ လက်မ ရွာသွန်းခဲ့ကြောင်းနဲ့ ထိုပမာဏဟာ လေးလစာ မိုးရေချိန်နဲ့ညီမျှတယ်လို့ သိရပါတယ်။ Alps တောင်တန်းဒေသ တောင်းပိုင်းမှာ မုန်တိုင်ဒဏ် အဆိုးရွားဆုံး တွေ့ကြုံခဲ့ရပြီး Roya ၊ Tinee ၊ Esteron နဲ့ Vesubie တောင်ကြားနေရာတွေမှာ အကြီးအကျယ် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: EPA)

Saint-Martin-Vésubie နဲ့ Rimplas နယ်မြေတွေရဲ့ ကျေးရွာများသို့ ဆက်သွယ်ထားတဲ့ လမ်းမများ ပျက်စီးသွားခဲ့ပြီး သွားလာနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ မုန်တိုင်း Alex ဖြတ်သန်းတိုက်ခတ်စဥ် ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) နဲ့ သောကြောနေ့ (အောက်တိုဘာ ၂ ရက်) က Brittany နယ်မြေမှာ တစ်နာရီလျှင် ၁၁၂ မိုင်ခန့်အထိ အားကောင်းတဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အီတလီမှ အခြေအနေ

Aosta Valley မှာ ကယ်ဆယ်ရေးလုပ်နေစဥ်အတွင်း အသက် ၅၃ နှစ်အရွယ် မီးသတ်သမားတစ်ဦး သေဆုံးခဲပြီး Piedmont နယ်မြေမှာတော့ မြစ်တစ်ခုထဲသို့ ရေကြီးမှုအတွင်း မြစ်ထဲသို့ ကားတစ်စီး မျောပါသွားရာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ မြစ်ထဲပါသွားတဲ့ ကားအတွင်းမှ သေဆုံးသူနဲ့ ညီအကိုတော်စပ်သူက ပြန်ထွက်လာနိုင်ခဲ့ပြီး အသက်ရှင်ခဲ့ပါတယ်။ Piedmont နယ်မြေရဲ့ Vercelli စီရင်စုရှိ Sesia မြစ်ပေါ်မှ အဓိက တံတားတစ်စင်းရဲ့ အစိတ်အပိုင်းတစ်နေရာ ပြိုကျသွားခဲ့ပါတယ်။

ထိုတံတားကို စနေနေ့ (အောက်တိုဘာ ၃ ရက်) မွန်းလွဲပိုင်းမှာ ပြန်ဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ Piedmont ရဲ့ ကျန်ရှိတဲ့နေရာတွေမှာလည်း ကျေးရွာအချို့ဟာ မိုးသည်းထန်ပြီးနောက် လမ်းမများ ‌ရေလွှမ်းပျက်စီးနေပြီး သွားလာနိုင်ခြင်းမရှိခဲ့ပါဘူး။ အခြေအနေဟာ အလွန်စိုးရိမ်စရာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Piedmont နယ်မြေ အကြီးအကဲ Alberto Cirio က La Stampa သတင်းစာကို ပြောကြားမှုအရ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅ လက်မခန့် ရွာသွန်းခဲ့ပြီး ထိုမိုးရေချိန်ပမာဏကို ၁၉၅၄ ခုနှစ်နောက်ပိုင်း မကြားဖူးခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်း Alex တိုက်ခတ်မှုဟာ အီတလီ အနောက်မြောက်ပိုင်း နယ်မြေတွေဖြစ်တဲ့ Lombardy နဲ့ Liguria တို့မှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ Liguria နယ်မြေရှိ Ventimiglia မြို့မှာ Roja မြစ် မြစ်ရေကြီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အတူ Po မြစ်ရဲ့ နေရာတွေမှာ ၂၄ နာရီအတွင်း ရေမျက်နှာပြင်အမြင့် ၁၀ ပေ မြင့်တက်ခဲ့ပြီး မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

.

Share

Loading Next Article...
က္က