WHO ရဲ့ COVAX ကာကွယ်ဆေးအစီအစဥ်မှာ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး ၉ မျိုးကို စီစဥ်ဆောင်ရွက်နေပါတယ်။

ယခုနှစ်ကုန်မှာ COVID-19 ရောဂါကာကွယ်ဆေးတစ်ခု အဆင့်သင့်ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက အောက်တိုဘာ ၆ ရက်နေ့မှာ ပြောကြားလိုက်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

(Photo: AP)

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က စည်းလုံးညီညွတ်ကြရန်နဲ့ ကာကွယ်ဆေးရရှိလာပါက သာတူညီမျှ ဖြန့်ဖြူးပေးရေး နိုင်ငံ့ခေါင်းဆောင်များအားလုံးက နိုင်ငံရေးကတိကဝတ်ပြုကြရန် တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ "ကျွန်တော်တို့အားလုံး ကာကွယ်ဆေးလိုအပ်ပါလိမ့်မယ်၊ ဒီနှစ်ကုန်မှာ ကာကွယ်ဆေးတစ်ခုရရှိလာမယ့် မျှော်လင့်ချက်ရှိပါတယ်" လို့ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာတစ်ဝန်းမှ တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး WHO ရဲ့ အလုပ်အမှုဆောင်အဖွဲ့ အစည်းအ‌ဝေး အပိတ်မိန့်ခွန်းမှာ Tedros က ပြောကြားခဲ့ပါတယ်။



ကျွန်တော်တို့အားလုံး ကာကွယ်ဆေးလိုအပ်ပါလိမ့်မယ်၊ ဒီနှစ်ကုန်မှာ ကာကွယ်ဆေးတစ်ခုရရှိလာမယ့် မျှော်လင့်ချက်ရှိပါတယ်

ဥရောပသမဂ္ဂ ကျန်းမာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကွဲမှု အဖွဲ့အစည်းက အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမနီမှ BioNTech တို့ ပူးပေါင်းထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးရဲ့ လက်ရှိ သုံးသပ်ချက်ကို အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

(Photo: NEW.CN/Xinhua)

AstraZeneca ကုမ္ပဏီကလည်း ဗြိတိန် အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးသုံးသပ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ထားပါတယ်။ ဥရောပသမဂ္ဂ ဆေးပညာဌာန (European Medicines Agency) ရဲ့ ထုတ်ပြန်ကြေညာမှုက စမ်းသပ်အောင်မြင်တဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုး အတည်ပြုရေးလုပ်ငန်းစဥ်ကို အရှိန်မြှင့်နိုင်ကြောင်း Reuters သတင်းက ပြောပါတယ်။

WHO ဦးဆောင်တဲ့ COVAX ကာကွယ်ဆေးအစီအစဥ်မှာ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး ၉ မျိုးကို စီစဥ်ဆောင်ရွက်နေပါတယ်။ COVAX အစီအစဥ်အရ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ COVID-19 ကာကွယ်ဆေး ၂ ဘီလီယံ ဖြန့်ဖြူးပေးပြီးဖြစ်ရန် ရည်ရွယ်ထားပါတယ်။

(Photo: Getty Images)

WHO ဦးဆောင်တဲ့ COVAX အစီအစဥ်မှာ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံက ပူးပေါင်းပါဝင်ထားပေမဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့ကတော့ မပါဝင်ခဲ့ပါဘူး။ အမေရိကန်အစိုးရက ထိုအစီအစဥ်မှာ ပါဝင်မှုအစား ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် ကာကွယ်ဆေးရရှိရန် ဆောင်ရွက်ထားပါတယ်။

ကျွန်တော်တို့ စည်းလုံးညီညွတ်မှုလိုအပ်ပြီး ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ ကျွန်တော်တို့မှာရှိတဲ့ အစွမ်းအားလုံးကို အသုံးပြုဖို့ လိုပါတယ်

"အထူးသဖြင့် ကာကွယ်ဆေးတွေအတွက်နဲ့ အခြား ဆေးဝါးထုတ်ကုန်တွေအတွက် စီစဥ်ဆောင်ရွက်နေပါတယ်၊ အရေးအကြီးဆုံးက အထူးသဖြင့် ကာကွယ်ဆေးတွေ သာတူညီမျှ ဖြန့်ဖြူးရေးမှာ ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆီကနေ နိုင်ငံရေးကတိကဝတ်ပဲ ဖြစ်ပါတယ်" လို့ WHO အကြီးအကဲ Tedros က ဆိုပါတယ်။

(Photo: AP)

"ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် လိုအပ်ပါတယ်၊ ကျွန်တော်တို့ စည်းလုံးညီညွတ်မှုလိုအပ်ပြီး ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ ကျွန်တော်တို့မှာရှိတဲ့ အစွမ်းအားလုံးကို အသုံးပြုဖို့ လိုပါတယ်" လို့ WHO အကြီးအကဲက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိမှာ ကမ္ဘာ့လူဦးရေ ၃၆ သန်းနီးပါးကို ကူးစက်သွားခဲ့ပြီး လူ ၁ သန်းကျော် သေဆုံးခဲ့ကာ ၂၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။ COVID-19 အတွက် အတည်ပြုထားတဲ့ ကုထုံးတစ်ရပ် သို့မဟုတ် ကာကွယ်ဆေးတစ်ခု လက်ရှိအချိန်အထိ မရှိသေးပါဘူး။

Share

Loading Next Article...
က္က