ကာကွယ်ဆေးကို အေးနေစေရန် ထိန်းသိမ်းဆောင်ရွက်ထားရမှာ ဖြစ်ပေမဲ့ အခန်းအပူချိန်မှာထားခဲ့ပါတယ်။

တောင်ကိုရီးယားမှာ တုပ်ကွေးကာကွယ်ဆေးတွေ ပို့ဆောင်စဥ်မှာ အပူချိန်ထိန်းသိမ်းထားမှုနဲ့ ပတ်သက်တဲ့ ပြဿနာရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အခမဲ့ ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ကို ယနေ့ (အောက်တိုဘာ ၂၂ ရက်) ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

တုပ်ကွေးကာကွယ်ဆေးတွေကို ရေခဲပုံး သို့မဟုတ် ရေခဲသေတ္တာဖြင့်ထည့်ပြီး အေးနေစေရန် ထိန်းသိမ်းဆောင်ရွက်ထားရမှာ ဖြစ်ပေမဲ့ ဆေးရုံတစ်ရုံသို့ ပို့ဆောင်စဥ် အခန်းအပူချိန်မှာထားခဲ့ကြောင်း သိရှိရပြီးနောက် ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဥ်ကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။



တုပ်ကွေးကာကယ်ဆေး အရေအတွက် မည်မျှကို အခန်းအပူချိန်မှာထားခဲ့မိကြောင်း လတ်တလော အတိအကျ မသိရသေးပေမဲ့ တာဝန်ရှိသူတွေက ဖြန့်ဝေရန်စီစဥ်ထားတဲ့ ကာကွယ်ဆေးအလုံး‌ရေ ၅ သန်းကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ လတ်တလော ရက်များအတွင်း တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် သေဆုံးခဲ့သူ အနည်းဆုံး ၂၅ ဦးရှိကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံမီဒီယာရဲ့ ပြောကြားမှုတွေလည်း ရှိနေခဲ့ပါတယ်။

(Photo: Reuters)

တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် လူကိုးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောခဲ့ကြပြီး တောင်ကိုရီးယားသတင်းဌာနက Yonhap က နောက်ထပ် လေးဦး ထပ်မံသေဆုံးခဲ့ကြောင်း ယနေ့ ဖော်ပြပါတယ်။ သေဆုံးသူတွေအနက် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦး အပါအဝင် ၂၂ ဦးဟာ ဆယ်ကျော်သက်တွေနဲ့ အသက်ကြီးသူတွေကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးတဲ့ အစီအစဥ် ပြန်လည်စတင်ခဲ့ပြီးနောက် သီတင်းတစ်ပတ်မျှအကြာမှာ သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ထိုသေဆုံးမှုတွေဟာ ကာကွယ်ဆေးနဲ့ ဆက်နွယ်ခြင်းမရှိကြောင်း ပြောကြားထားပေမဲ့ တောင်ကိုရီးယားပြည်သူတွေကြား ကာကွယ်ဆေး ဘေးကင်းစိတ်ချရမှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေကတော့ သေဆုံးသူခြောက်ဦးကို ကနဦး စစ်ဆေးမှုအရ ကာကွယ်ဆေးနဲ့ တိုက်ရိုက် ဆက်နွယ်မှုမရှိကြောင်းနဲ့ လူဦးရေ ၁၉ သန်းကို အခမဲ့ တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးနေမှုကို ရပ်ဆိုင်းရန်အစီအစဥ် မရှိကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်) မှာ ပြောခဲ့ပါတယ်။

(Photo: Yonhap)

လက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေမှာ အဆိပ်သင့်စေတဲ့ ပစ္စည်းများ မတွေ့ရကြောင်းနဲ့ သေဆုံးသူခြောက်ဦးအနက် အနည်းဆုံး ငါးဦးဟာ ကျန်းမာရေးပြဿနာရှိထားသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ သို့သော် ယခုအခါမှာတော့ ကာကွယ်ဆေးထိုးနှံမှုကို သီတင်းသုံးပတ်ကြာ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ အသုံးပြုနေတဲ့ တုပ်ကွေးကာကွယ်ဆေးတွေဟာ မတူညီတဲ့ ကုမ္ပဏီတွေထံမှ ဖြစ်ပါတယ်။

၎င်းတို့အနက် ဆေးဝါးထုတ်လုပ်ရေးတွေဖြစ်တဲ့ GC Pharma ၊ SK Bioscience နဲ့ Ilyang Pharmaceuticval တို့နဲ့အတူ ပြင်သစ်မှ Sanofi နဲ့ ဗြိတိန်မှ GlaxoSmithKline တို့လည်း ပါဝင်ပါတယ်။ တောင်ကိုရီးယားမှာ ကာကွယ်ဆေးဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေထဲမှာ LG Chem နဲ့ Boryung Pharm ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Boryun Biopharma တို့ ပါဝင်ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး GC Pharma ၊ LG Chem ၊ SK Bioscience နဲ့ Boryung တို့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Kim Hong-Ji/Reuters)

Ilyang Pharmaceutical ၊ Sanofi နဲ့ GSK တို့ကိုတော့ မှတ်ချက်ပေးရန် ဆက်သွယ်မရသေးကြောင်း Reuters က ပြောပါတယ်။ တောင်ကိုရီးယားဟာ ယခုနှစ်မှာ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဥ်ကို COVID-19 ကြောင့် ရှုပ်ထွေးနေမှုနဲ့ ဆေးရုံတွေမှာ အလုပ်ဝန်ပိနေတာကြောင့် အချိန်တိုးခဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့မှာ တုပ်ကွေးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမှု ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း လူဦးရေ ၈.၃ သန်းကို ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ လူ ၃၅၀ ခန့်ဟာ ဘေးထွက်ဆိုးကျိုးရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ Yonhap သတင်းဌာနရဲ့ အဆိုအရ တောင်ကိုရီးယားမှာ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးမှုနဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုအများဆုံးဖြစ်ရပ် ၂၀၀၅ ခုနှစ်မှာ ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေကတော့ ယခင်နှစ်တွေနဲ့ နှိုင်းယှဥ်ရန် ခက်ခဲကြောင်းနဲ့ ယခုနှစ်မှာ ကာကွယ်ဆေးထိုးသူ ပိုမိုများပြားလာကြောင်း ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က