အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးထံမှာ ကူးစက်ခံထားရမှု ပထမဆုံး တွေ့ခဲ့ရပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ဘက်စွန်းရှိ ရှီဂျီအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ COVID-19 ပြည်တွင်းကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် တာဝန်ရှိသူတွေက လူအစုအပြုံလိုက်ကို စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

(Photo: Reuters)

ရှီဂျီအန်းမှာ ကူးစက်မှုအသစ် ၁၃၇ ဦး တွေ့ရှိလာရပြီးနောက် ထိုနယ်မြေရှိ ကက်ရှ်ဂါ (Kashgar) မြို့နဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြသူ ၄.၇၅ သန်းကို အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းမှစပြီး COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း AFP သတင်းက ဖော်ပြပါတယ်။တယ်။ ရှီဂျီအန်းနယ်မြေရှိ အသက် ၁၇ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးထံမှာ ကူးစက်ခံထားရမှု ပထမဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။



COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံမှာ lockdown အစီအမံများ၊ ခရီးသွားလာမှုကန့်သတ်ချက်များနဲ့ ဗိုင်းရပ်စ်စစ်ဆေးမှုတို့ဖြင့် ပြည်တွင်းကူးစက်မှုကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပါတယ်။ သို့သော် ယခု သီတင်းပတ်များအတွင်း နယ်မြေဒေသအလိုက် ပြည်တွင်းကူးစက်မှုတွေ ပြန်တွေ့လာရပါတယ်။

(Photo: Reuters)

တရုတ်အစိုးရက COVID-19 တိုက်ဖျက်ရေးမှာ ဗိုင်းရပ်စ်စစ်ဆေးမှု အလျင်အမြန် ဆောင်ရွက်နိုင်တဲ့ ၎င်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးထားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကတော့ ကမ္ဘာ့နေရာအတော်များများက lockdown အစီအမံများနဲ့ အစုအပြုံလိုက် ကူးစက်မှုတွေကို ရင်ဆိုင်နေရစဥ် တရုတ်က COVID-19 ကို အနိုင်ယူတဲ့ပုံရိပ်ကို ပြသရန် စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

ရှီဂျီအန်းမှာ ယခုတွေ့ရှိလာရတဲ့ ပြည်တွင်းကူးစက်မှုအသစ် အားလုံးဟာ ရောဂါလက္ခဏာမပြဘဲ ရှူဖူကောင်တီရှိ အထည်ချုပ်စက်ရုံတစ်ရုံနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။ ထိုအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမား မိန်းကလေးနဲ့ သူမရဲ့ မိဘတွေ ကူးစက်မှုများ စတင်တွေ့ရှိခဲ့ရတယ်လို့ ရှီဂျီအန်း ကျန်းမာရေးကော်မရှင်က ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

(Photo: AFP)

ရှီဂျီအန်းမှာတွေ့ရတဲ့ ကူးစက်ဖြစ်ပွားမှု အရင်းအမြစ်ကို စုံစမ်းစစ်ဆေးရန်နဲ့ ထိန်းချုပ်ကာကွယ်ရေး စီမံဆောင်ရွက်ရာမှာ ကူညီပေးရန် ဘေဂျင်းမြို့မှ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် (National Health Commission) က အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားတယ်လို့ အစိုးရသတင်းဌာန CCTV က ဆိုပါတယ်။ ယမန်နေ့ မွန်းလွဲပိုင်းအထိ ရှီဂျီအန်နယ်မြေ ကက်ရှ်ဂါမြို့နဲ့ ပတ်ဝန်းကျင်ရှိ လူဦးရေ ၂.၈ သန်းရဲ့ ဓာတ်ခွဲနမူနာများ စုဆောင်းရယူထားပြီဖြစ်ပါတယ်။

ကျန်ရှိသူတွေထံမှ ဓာတ်ခွဲနမူနာများရယူမှုဟာ နှစ်ရက်အတွင်း အပြီးသတ်မယ်လို့ ကက်ရှ်ဂါမြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ တရုတ်အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချင်ဒေါင်မြို့မှာလည်း ယခုလအတွင်း ပြည်တွင်းကူးစက်မှုများ ပြန်တွေ့လာရပြီးနောက် လူဦး‌ရေ ၁၀ သန်း‌ကျော်‌ကို ငါးရက်အတွင်း ဗိုင်းရပ်စ်စစ်ဆေးခဲ့သေးတယ်။

(Photo: Zhao Ge/Xinhua)

တရုတ်နိုင်ငံမှာ ယမန်နေ့ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ နောက်ထပ် ၂၀ ဦးနဲ့ ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံရသူ ၁၆၁ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။ အတည်ပြုလူနာသစ် အားလုံးဟာ ပြည်ပကူးစက်မှုများဖြစ်တယ်လို့ ကျန်းမာရေးကော်မရှင်က ဆိုပါတယ်။ ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံရသူ ၁၆၁ ဦးအနက် ၁၃၈ ဦးဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံရမှုတွေကို COVID-19 အတည်ပြုလူနာစာရင်းမှာ ထည့်သွင်းရေတွက်ခြင်း မရှိပါဘူး။ တရုတ်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၅,၈၁၀ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၈၀,၉၁၁ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က